CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

စစ်အုပ်ချုပ်ရေး(မာရှယ်လော)အဖြစ် ကြေညာထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တစ်ခါသုံးကဒ်(TBP)နှင့် စာအုပ်အနီတို့ဖြင့် တရုတ်သို့ ဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း မူဆယ်ရှိ လူမှုကူညီရေးအသင်းများက CNI သတင်းဌာနသို့ ပြောသည်။

စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့်အတွက် ညဘက် အပြင်သိပ်မထွက်ကြသော်လည်း နေ့ခင်းဘက်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြဆဲဖြစ်ပြီး တစ်ခါသုံးကဒ်(TBP) တိုကင်လာရောက်ထုတ်ယူကြသူများမှာ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၆၀၀ ခန့် ရှိနေသေးကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။

“သူက တရုတ်ပြည်ထဲသွားတယ်။ သွားပြီး ပြန်ထွက်လာတဲ့သူတွေလောက်ပဲ ပြန်တန်းစီနေတာ။ ပြည်မထဲ ကတော့ လာတဲ့သူတွေ မရှိတော့ဘူးလေ။ တစ်နယ်လုံးဖြစ်နေတာဆိုတော့ စိုးရိမ်မှုကတော့ ရှိတာပေါ့။ အခု နေကတော့ မဖြစ်သေးတဲ့အတွက် ဖြစ်လာရင် ဘာလုပ်ရမလဲဆိုပြီး တွေးပူတာပေါ့။ မဖြစ်သေးတဲ့သူတွေကတော့ ပိုပြီးတော့ စိုးရိမ်ပူပန်မှုများတာပေါ့။ TBP တိုကင်က ၁၅ ရက်နေ့အထိ ပေးပြီးသား။ ဒါကြောင့် မနက်ဖြန်ဆိုရင် ပြည့်သွားပြီဖြစ်တဲ့အတွက် ဒီနေ့ကို မနက် ၆ နာရီကတည်းက အသင့်လုပ်တယ်။ ၇ နာရီမှာ အများပြည်သူကို စပေးနေပြီ။ ဒီနေ့မနက် နန်းတော်ပေါက်မှာ ပေးနေပါတယ်။ TBP ကတော့ ၆ ညအိပ် ၇ ရက် တစ်ခါသုံးပေါ့။ သူကထွက်လာပြီးရင် ဒီစာရွက်ကပြန်တန်းစီရတာပေါ့။ စာအုပ်အနီက တစ်နှစ်သက်တမ်း ရှိတယ်။ တစ်နှစ် အတွင်းမှာ ကြိုက်တဲ့အချိန်ဝင် ကြိုက်တဲ့အချိန်ထွက်။ အသစ်သက်တမ်းတိုးစရာမလိုဘူးပေါ့။ အဓိကကတော့ စာအုပ်အနီကို လူတိုင်းလိုချင်တာပေါ့။ စာအုပ်အနီကတော့ နှစ်နိုင်ငံ လက်မှတ်ထိုးထားတာ ရှိတယ်။ ဟိုးအရင် ဦးသန်းရွှေလက်ထက်ကတည်းကနေ နှစ်နိုင်ငံက မူဆယ်ဒေသခံတွေကိုပဲပေးမယ်။ ဟိုဘက်ကလည်း ရွှေလီ ဒေသခံတွေကိုပဲ ထုတ်ပေးရမယ်ဆိုတဲ့ MOU ထိုးထားတာရှိတာပေါ့” ဟု ၎င်းက ပြောသည်။ 

TBP တိုကင်လာရောက်ထုတ်ယူသူများ

TBP တိုကင်များအား လာရောက်ထုတ်ယူသူမှန်သမျှအား ထုတ်ပေးနေခြင်းဖြစ်သည့်အတွက် လာရောက် ထုတ်ယူသည့် လူဦးရေအပေါ်မူတည်ကာ ရက်ထပ်မံတိုး၍ ပေးသွားမှာဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် မူဆယ်၌ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်သည့်အတွက် ကုန်ဈေးနှုန်းများ သိသိသာသာ ထပ်မံတိုးမြင့်သွားခြင်းမျိုးမရှိဘဲ ရှမ်း‌မြောက်တိုက်ပွဲ စတင်ဖြစ်ပွားချိန်က တိုးမြင့်လာသည့် ကုန်ဈေးနှုန်း အတိုင်းသာ ဖြစ်နေသေးကြောင်းလည်း မူဆယ်ရှိ လူမှုကူညီရေးအသင်းများက CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ပရဟိတလုပ်ငန်းများဆောင်ရွက်ရန် သွားလာရာတွင် အဟန့်အတား အခက်အခဲဖြစ်စေကြောင်းနှင့် ဆက်သွယ်ရေးလိုင်းများ မကောင်းသေးသဖြင့် အကူအညီလိုအပ်သူများရှိပါက ဆက်သွယ်နိုင်ရန်မှာ ခက်ခဲ ကြောင်း ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသည့် နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အဝေးလမ်းကြောင်းတွေလောက်ပဲ အတားအဆီး အစစ်အဆေးရှိတာ။ များတယ် တောထဲကအဖွဲ့တွေလည်း စစ်တယ်။ စစ်တပ်ကလည်း စစ်တယ်။ အဝေးက အခုဟာကတော့ ကွတ်ခိုင်လောက်အထိပဲ သွားလို့ရတယ်။ ကွတ်ခိုင်ကျော်ပြီး သွားလို့မရဘူး။ မူဆယ်ကနေ ကွတ်ခိုင်အထိ။ ဒီဘက်မှာက ဖုန်းလိုင်းလုံးဝမကောင်းဘူး။ MPT နဲ့ Mytel က တစ်လှည့်စီဖြစ်နေတာ လာလိုက်၊ မလာလိုက် အဲဒီလိုမျိုး။ တစ်ခါတစ်လေလည်း နှစ်လိုင်းလုံး ပျောက်သွားတယ်။ တယ်လီနောတို့ဘာတို့ကတော့ မရဘူးပေါ့။ အခုကတော့ အင်တာနက်ကတော့ ရနေပြီ။ ပြန်ရတယ်။ ရလိုက်၊ မရလိုက်ပါပဲ။ ဒါပေမယ့် Wifi ရှိတယ်လေ” ဟု ၎င်းက ပြောသည်။

ရက်သတ္တပတ် ၂ ပတ်ခန့်အကြာအထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား မြို့နယ် ၈ မြို့နယ်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါမြို့နယ်များမှာ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်းနှင့် လောက်ကိုင် စသည့် ၈ မြို့နယ်တို့ ဖြစ်ကြသည်။