CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
တရုတ်ဘက်မှ အလုပ်ခေါ်စာများ မကျလာသဖြင့် မူဆယ်မြို့ရှိ ကားဝင်းအပါအဝင် ရပ်ကွက်များတွင် မြန်မာ အများစု သောင်တင်၍ ဒုက္ခရောက်နေကြကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများမှ CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရရှိမည်ဟုဆိုကာ ပွဲစားများဖြင့် ချိတ်ဆက်၍ ရောက်လာကြခြင်း ဖြစ်သော်လည်း မူဆယ်သို့ ရောက်ရှိသည်မှာ ၃၊ ၄ လ ကြာသည်အထိ တရုတ်ဘက်မှ အလုပ်ခေါ်စာများ မကျလာ သေးသည့်အပြင် ပွဲစားများမှလည်း ပစ်ထားခဲ့ကြခြင်းဖြစ်ကြောင်း ပရဟိတအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ပွဲစားတွေကတော့ စရိတ်ငြိမ်း ဘာညာဆိုပြီး ခေါ်လာလိုက်တယ်။ တရုတ်ပြည်ထဲမှာ ဝင်ဖို့လို့က ခဲယဉ်းတယ်။ ၃ လ၊ ၄ လ အဲဒီလိုကြာတယ်။ တချို့ကကြာတော့ စားစရိတ်တွေလည်း မရှိတော့ဘူး။ ဒုက္ခတွေလည်း တော်တော် ရောက်နေကြတယ်။ အလုပ်ခေါ်စာတွေက ချမပေးဘူး။ အခုလူတွေက ဝင်ရတော့မယ်၊ ဝင်ရတော့မယ်နဲ့ သွားလိုက်တော့ကြ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ပြန်လှည့်လာလိုက်ရတာ အခုက မူဆယ်မြို့မှာကလည်း မိုးတွေကရွာ၊ စားရေးသောက်ရေး အဆင်မပြေ ဒုက္ခတော်တော်ရောက်နေကြရတာ။ ကားကွင်းထဲမှာတင် မကဘူး။ ရပ်ကွက်အသီးသီးမှာလည်းရှိတယ်။ အခုက ပွဲစားတွေကတော့ အစကအဆင်ပြေတယ် ဘာညာ ဆိုပြီးတော့ ခေါ်လာလိုက်တယ်။ ဒီရောက်မှ မျက်နှာလွှဲခဲပစ်တွေ လုပ်ပစ်တာတွေလည်း အများကြီးရှိတယ်။ နဂိုကဆို အိမ်ငှားတစ်ခန်းကို ရှစ်သောင်းပတ်ချာလည်လောက်ပဲ ရှိတာ။ အခုက အဲဒီလို အခန်းငှားတဲ့သူတွေက များလာ လိုက်တော့ မူဆယ်မှာ ရှိတဲ့လူတွေတောင်မှ အိမ်ခန်းခတွေ တက်တက်ကုန်တာ” ဟု ၎င်းက ပြောသည်။
မူဆယ်ဘက်မှ တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေကြသူများ
မြန်မာအများအပြားမှာ ဒုက္ခရောက်နေကြသော်လည်း မန္တလေးသို့ ပြန်ဆင်းရန်မှာ လမ်းခရီးအရသော်လည်း ကောင်း၊ ကုန်ကျစရိတ်အရသော်လည်းကောင်း မတတ်နိုင်ကြသဖြင့် နေရပ်မပြန်ဘဲ ဒုက္ခခံနေကြခြင်း ဖြစ်ကြောင်းသိရသည်။
မူဆယ်သို့ ရောက်ရှိနေကြသည့် မြန်မာများမှာ ပျမ်းမျှအားဖြင့် ၄ ထောင်ကျော်ခန့်ရှိနေနိုင်ပြီး ယောကျာ်လေးနှင့် မိန်းကလေးအချို့မှာ ပျက်စီးကုန်ကြကြောင်းလည်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။
တရုတ်အလုပ်ရှင်များမှ လုပ်သားများခေါ်ယူရန်ရှိပါက တရုတ်ရဲစခန်းသို့ ခေါ်စာများ သွားရောက်ပေးပို့ပြီး ခွင့်ပြုမှ သာ ခေါ်ခွင့်ရှိကာ မြန်မာလုပ်သားများမှာလည်း တရုတ်ဘက်သို့ ဝင်ခွင့်ရရှိခြင်းဖြစ်သည်။
လက်ရှိတွင် မူဆယ်မြို့၌ အဆင်မပြေမှုများစွာ ရှိနေသဖြင့် ဒုက္ခရောက်နေသည့် မြန်မာများအတွက် ကြုံရာကျပန်း လုပ်ကိုင်ကြရန်မှာ အလုပ်အကိုင်မရှိကြောင်း နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“တချို့ဆို အဲဒီကဟာတွေဆို လာပြီး အလုပ်တောင် လာရှာခိုင်းတယ်။ ဒါပေမယ့် အခုက တရုတ်ပြည်က ဆောက်လုပ်ရေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်လုံး လူသုံးကုန်ပစ္စည်းတွေ ပိတ်လိုက်ပြီဆိုတော့ ဒီက အလုပ်တွေပါ လုပ်ငန်းတွေပါ တချို့ကရပ်ဆိုင်းသွားတာလေ။ ဆောက်လုပ်ရေးလုပ်ငန်းတွေဆို ရပ်ဆိုင်းသွားတဲ့ အနေအထားရောက်တဲ့ဟာတွေ ရောက်ကုန်ပြီပေ့ါ။ အဝေးပြေး မူဆယ်မြို့ သိန်းသန်းချီ ကားဝန်းထဲမှာဆို အခန်း တိုင်း အခန်းတိုင်းရှိတယ် အလုပ်သမားတွေက ဟိုဘက်ကိုဝင်မယ့်အလုပ်သမားတွေက။ အဲဒီကားဝန်း တစ်ဝန်းလုံး ပဲ။ အဝင်၊ အထွက်ကတော့ လက်လုပ်လက်စားတွေ၊ တစ်နိုင်တစ်ပိုင်တွေကတော့ သွားလာနေတာပဲ။ ဟိုဘက်က တရုတ်စက်ရုံပိုင်ရှင်တွေ ကိုယ်တိုင်လာခေါ်မှ သူတို့က သဘောတူညီပြီး ထည့်ပေးတာပေါ့။ ဟိုဘက်ကလာ မခေါ် ရင် သွားလို့မရဘူး။ ကိုယ့်ဆန္ဒနဲ့ ကိုယ်လည်း သွားလို့မရဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တရုတ်ဘက်မှ နယ်စပ်ဂိတ်များပိတ်ထားသဖြင့် လက်ရှိ မူဆယ်မြို့တွင် စက်သုံးဆီဝယ်ယူရ အခက် အခဲဖြစ်နေပြီး လူသုံးကုန်နှင့် စားသောက်ကုန်များမှာလည်း ယခင်ကကဲ့သို့ မပေါများတော့ကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများထံမှ သိရသည်။