CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
သွင်းကုန်လိုင်စင်မရှိဘဲ တင်သွင်းထားသည့် ထိုင်းနှင့်တရုတ် ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ပိတ်ပင်ခြင်းသည် လက်သိပ်ထိုးရောင်းသည့် ဈေးကွက်ကို ဖြစ်ပေါ်စေကြောင်း စီးပွားရေးလုပ်ငန်းရှင်နှင့် ဈေးကွက်လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုသို့ တရားမဝင် ကုန်သွယ်ခြင်းအပေါ် ဖြေရှင်းသည့် နည်းလမ်းမှာ မှန်ကန်မှု ရှိ/မရှိ မူဝါဒချမှတ်သူများအပေါ် မေးခွန်းထုတ်ရမည်ဖြစ်ပြီး အမှန်တကယ် ထိခိုက်မည့်သူမှာ သုံးစွဲသူ ပြည်သူလူထုသာဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်သိပ်ထိုးပြီး ရောင်းတဲ့ဈေးကွက် ဖြစ်သွားမှာပေါ့။ For show နဲ့ ပြတဲ့ ရောင်းတဲ့ ဈေးကွက်ကနေ လက်သိပ်ထိုးပြီး ရောင်းတဲ့ဈေးကွက် ဖြစ်သွားမယ်လို့ သုံးသပ်လို့ရပါတယ်။ For show နဲ့ ပြတယ်ဆိုတာက ကျနော်တို့ လွတ်လွတ်လပ်လပ်ဝယ်မယ်၊ လွတ်လွတ်လပ်လပ် ရောင်းကြမယ်ဆိုတဲ့ ပစ္စည်းဈေးကွက်က ဒီလို ဆိုင်ကြီးတွေမှာ မရှိတော့ဘူးဆိုပေမယ့် တကယ်သုံးချင်တဲ့သူတွေက တကယ်သုံးဖို့အတွက် ရှာဖွေပြီး ဝယ်ကြ မှာပဲ။ အဲဒီလို သုံးတဲ့သူတွေအတွက်ကို လက်သိပ်ထိုးပြီးရောင်းတဲ့ ဈေးကွက်တစ်ခု၊ အခု ဒေါ်လာတွေကို တရားမဝင် ရောင်းဝယ်နေသလိုမျိုးပေါ့။ တရားမဝင် ရောင်းဝယ်သူတွေကို ဖမ်းဆီးတယ်၊ အရေးယူတယ်၊ ထောင် ချတယ် ဒါမျိုးတွေ လုပ်ကိုင်တာရှိပေမယ့် ဒီဈေးကွက်က နှစ်ပေါင်းများစွာ ပျောက်ခဲ့တာမှ မဟုတ်တာ အခု ကုန်ပစ္စည်းတွေဆိုလည်း တကယ်လိုအပ်တဲ့လူက ဒီလိုဝယ်မယ်၊ ပြီးသွားရင် လက်သိပ်ထိုးရောင်းမယ်၊ ဈေးနှုန်း တွေ ပိုတက်လာမယ်။ သုံးစွဲနိုင်သူတွေအတွက် ပြဿနာမရှိပေမယ့် ငွေကြေးသုံးစွဲဖို့ အခက်အခဲဖြစ်တဲ့ လူလတ် တန်းစားတွေကတော့ အရင်တုန်းကလို ပေါပေါသီသီ ဒီလိုဟာတွေ သုံးဖို့အတွက်ကို ခက်ခဲသွားပြီးတော့ လူချမ်းသာတွေကတော့ ဘယ်လောက်ပဲကြီးကြီး ဝယ်မယ်ဆိုတဲ့သူမျိုးတွေအတွက် ခုနကပြောတဲ့ လက်သိပ်ထိုး ဈေးကွက် ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
ကုန်ပစ္စည်းများကိုတွေ့ရစဉ်
အဆိုပါ ကုန်ပစ္စည်းများအား တရားမဝင်ဖြစ်သောကြောင့် ရောင်းချခြင်း မပြုခြင်းအစား တရားဝင်ဖြစ်စေရန် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်သည်ကို စဉ်းစားလုပ်ဆောင်ကာ လူထုအတွက် ကြည့်ရှုရမှာဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်နှင့် ဈေးကွက်လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ထိုင်းနှင့်တရုတ်မှ တင်သွင်းသည့် စားသောက်ကုန်၊ လူသုံးကုန် အစရှိသည်တို့အား အဓိက အားထား သုံးစွဲနေရခြင်းဖြစ်ပြီး ပြည်တွင်း၌လည်း ထိုသို့ အရည်အသွေးမျိုး ထုတ်လုပ်နိုင်ခြင်းမရှိကြောင်း ၎င်းတို့က သုံးသပ်သည်။
သွင်းကုန်လိုင်စင်မရှိဘဲ တင်သွင်းထားသည့် ထိုင်းနှင့်တရုတ် ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုကြောင်း လုပ်ဆောင်ပြီးနောက် ကုန်တိုက်များ၊ ဈေးဝယ်စင်တာများနှင့် ကုန်စုံဆိုင်၊ ဈေးဆိုင်များတွင် ထိုပစ္စည်းများကို အနည်းအကျဉ်းသာ တွေ့ရတော့သည်။
အချို့ပစ္စည်းများသည် ဈေးကွက်ထဲတွင် ပြတ်လပ်၍မရကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
၎င်းက “အဓိကကတော့ စားသုံးသူပဲထိတာလို့။ တချို့ပစ္စည်းတွေကြတော့ ပြတ်လို့မရဘူး။ ဆေးလိုဟာမျိုး လုံးဝ ပစ္စည်းပျက်လို့မရဘူး။ ဈေးကွက်ထဲမှာ လုံးဝမရှိတော့ရင် ဘယ်လိုလုပ်မလဲ။ ဥပမာ ကိုဗစ်ကာလ သွားလို့လာလို့ မရတဲ့ အချိန်မှာ ကျနော် သူငယ်ချင်းတစ်ယောက် ကိုဗစ်နဲ့ မဆိုင်ဘဲ နှလုံးရောဂါနဲ့ သေသွားတာ။ ဘယ်ဆေးဆိုင်မှ ဆေးဝယ်လို့မရဘူး။ အဲဒီလိုလေးတွေလည်း ရှိတာပေါ့။ ဒီလိုအနေအထားမျိုးတွေက လူမသိ၊ သူမသိနဲ့။ နောက်ဆုံး တော့ ဘယ်လိုပဲ ဖြစ်ဖြစ် စားသုံးသူပဲ ထိမှာပဲ။ လုပ်တာကိုင်တာ မမှားဘူး၊ မှားတယ်လို့တော့ လောလောဆယ် မပြောချင်ပါဘူး။ ကျနော်တို့မသိတဲ့ အခြေအနေလည်း ရှိမှာပေါ့လေ။ စီးပွားရေးစနစ်ကို စီမံခန့်ခွဲမှုနည်းလမ်းနဲ့ လုပ်လို့တော့ ဘယ်နိုင်ငံမှ အောင်မြင်ခဲ့တာမရှိဘူး” ဟု ပြောသည်။
နယ်စပ်လမ်းကြောင်းများတွင် နယ်မြေ မတည်ငြိမ်မှုကြောင့် အဆင်မပြေပါက မြို့ထဲသို့ ဝင်သည့်လမ်းတွင် စစ်ဆေးရေးဂိတ်များရှိသဖြင့် ထိုနေရာများ၌ သေချာစစ်ဆေး၍ လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံး သပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံသည် ထိုင်းနှင့်တရုတ်မှ ပစ္စည်းများကိုသာ အဓိက အသုံးပြုနေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်မည် ဆိုပါက သွင်းကုန်လိုင်စင်များ လွယ်ကူလျင်မြန်စွာ ချပေးနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းတို့က အကြံပြုကြ သည်။