CNI News

၂၀၂၄ ခုနှစ်၊ မေလ ၇

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက်တွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အပြင် စစ်ဆေးရေးဂိတ်များနှင့် လက်နက်ကိုင်ဆောင်ထားသူများမှ ငွေကြေးတောင်းခံမှုနှုန်းထားများ မြင့်တက်နေခြင်း ကြောင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်စည်များသည် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ထိုသို့ ကုန်သွယ်မှုစရိတ် မြင့်တက်မှုကြောင့် တရုတ်ကုန်စည်ဈေးနှုန်းများ မြင့်တက်လာ၍  တရုတ်ကုန်စည် နေရာတွင် ထိုင်းကုန်စည်များ အစားထိုး ဝင်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ထိုင်းကုန်စည်သည် ဈေးနှုန်းကြီးမြင့်သော်လည်း ပစ္စည်းအရည်အသွေး ကောင်းမွန်ခြင်းနှင့် ကုန်သွယ်ရေး လမ်းကြောင်းသည် တရုတ်လမ်းကြောင်းထက် မြန်ဆန်သည့်အတွက် ထိုင်းကုန်စည်ကို ပိုမိုတင်သွင်းလာနိုင် သည်ဟု Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကတော့ တရုတ်ကတော့ လမ်းပိတ်ထားတာပဲ။ ဒါပေမယ့် တရုတ်နေရာမှာ ထိုင်းပစ္စည်းတွေ ဝင်လာ နိုင်လားဆိုတော့ price(ဈေးနှုန်း) ကြည့်ရတာပေါ့။ လောလောဆယ်က ပုံမှန်ဆိုရင်တော့ ကျနော်တို့က တရုတ် ကနေ သွင်းနေရတယ် ပစ္စည်းတွေ။ အခုက တရုတ်လမ်းကြောင်းက မကောင်းတော့ ထိုင်းဘက်က ပြောင်းသွင်း နေရတာပေါ့။ ပစ္စည်းအနေနဲ့ အစားထိုးဖို့ဆိုရင် ကွာလတီကလည်း တချို့အရာတွေဆို ထိုင်းက ကောင်းတာ၊ ဈေး ကလည်း သက်သာအောင် ထိုင်းက ကြိုးစားပြီး လုပ်တာပေါ့။ သူတို့ကလည်း မြန်မာပြည်ရဲ့ ဈေးကွက်ကို ဝိုင်းလု ကြတဲ့သဘောပဲ။ ကုန်သည်တွေဘက်ကတော့ ကိုက်မှ သွင်းတယ်၊ မကိုက်ရင် မသွင်းဘူး။ ပစ္စည်းချင်းကတူတယ် ဥပမာ ဆပ်ပြာမှုန့်ဈေးက တူတူပဲဆိုရင် ထိုင်းပဲ သွင်းလိုက်မှာပေါ့။ နီးတယ်လေ လမ်းကြောင်းက” ဟု ပြောသည်။ 

ကုန်စည်တင်လာသော ကုန်ကားများကို တွေ့ရစဉ်

သို့သော်လည်း တရုတ်မှ ဝင်ရောက်နေသည့် ကုန်စည်အမျိုးအစားနှင့် ထိုင်းနိုင်ငံမှ ဝင်ရောက်နေသည့် ကုန်စည် အမျိုးအစားသည် တူညီမှုမရှိကြောင်း၊ တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ မော်တော်ယာဉ် အပို ပစ္စည်းနှင့် မီးဖိုချောင် အသုံးအဆောင်များဖြစ်ပြီး ထိုင်းနိုင်ငံမှ အလှကုန်နှင့် အစားအသောက်များ အဓိက ဝင်ရောက်လျက်ရှိသည်။

သို့သော်လည်း လက်ရှိ ကုန်သွယ်မှုလမ်းကြောင်း အခြေအနေများအရ တရုတ်ကုန်စည်သည် ဈေးနှုန်း မြင့်တက်လာနေသည့် အပိုင်းတွင်ရှိနေပြီး ထိုင်းကုန်စည်က အရည်အသွေး ကောင်းမွန်သည့်အတွက် တရုတ်ဈေးကွက်နေရာတွင် ထိုင်းဈေးကွက်က နေရာ ယူသွားနိုင်သည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်နေသည့် တရုတ်နိုင်ငံ၏ အထည်အလိပ် ဈေးကွက်နေရာ၌ ထိုင်းနိုင်ငံက ဝင်ရောက်နေပြီဖြစ်သည်ဟု ဦးသီဟပိုင်က ဆက်ပြောသည်။

၎င်းက “ထိုင်းဈေးကွက်နဲ့ တရုတ်ဈေးကွက်ကတော့ ပုံမှန်အားဖြင့် တူလေ့မရှိဘူး။ တရုတ်က သွင်းတဲ့ဟာတွေက လျှပ်စစ်ပစ္စည်းတွေများတယ်။ အဲဒီလိုတော့ ကွာတယ်။ ကွာတဲ့အတွက် ကျနော်တို့က တရုတ်ပစ္စည်းက တရုတ် ပစ္စည်း။ တရုတ်ပစ္စည်းကြိုက်တဲ့သူတွေက တရုတ်ပစ္စည်းပဲ သုံးမှာပေါ့။ ဥပမာ ဖုန်းဈေးကွက်လိုဟာမျိုး။ ထိုင်း ကိုတော့ မမှီဘူးပေါ့နော် အဲဒီလိုမျိုးတော့ ရှိတယ်။ ဒါပေမယ့် ဒီဟာကတော့ ဈေးတွေများလို့ တရုတ်ဈေးကွက်ကို ထိုင်းက ဝင်လုနေပြီ။ ဒါကတော့ သူတို့ဟာသူတို့ ညှိမှာပေါ့နော်။ ရရင်လည်း ရပေါ့၊ မရရင်လည်း လူတွေက ပြောင်းသုံးပေါ့။  အခု အထည်အလိပ် ဈေးကွက်ကို ထိုင်းက ဝင်လုနေပြီ တရုတ်ရဲ့ အထည်အလိပ် ဈေးကွက် ကိုလေ” ဟု ပြောသည်။

ထိုင်းကုန်စည် ဈေးနှုန်းနှင့် တရုတ်ကုန်စည် ဈေးနှုန်း ကွာခြားမှုမရှိပါက ပြည်သူများအနေဖြင့် အရည်အသွေး ကောင်းမွန်သည် ထိုင်းကုန်စည်ကို ရွေးချယ် အသုံးပြုလာကြမည် ဖြစ်သည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူက နဂိုကတည်းက နောက်ပေါက်ရွှေကြာလေ။ ဟိုး လွန်ခဲ့တဲ့ ၁၉၆၀ ကျော် မွေးတဲ့သူတွေက ယိုးဒယား ပစ္စည်းပဲ သုံးလာရတာလေ။ ဒါပေမယ့် သူက price နဲ့ တိုက်တာပေါ့လေ။ price နဲ့တိုက်တော့ အဲဒီ price ကို ဒီလောက် နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ထိုင်းက သူစဉ်းစားနိုင်မှာ မဟုတ်ဘူး သူတို့ဦးနှောက် level က။ ဘာလို့ မစဉ်းစားလဲဆိုတော့ သူတို့ပစ္စည်းက နဂိုကတည်းက ထိုင်းပစ္စည်းက ပိုကောင်းတာ။ ဥပမာအားဖြင့် မော်တော် ကားမှန်ပေါ့။ ထိုင်ဝမ်က မှန်ထက်စာလို့ရှိရင် ယိုးဒယားပစ္စည်းက ပိုပြီးတော့ ဈေးပိုကြီးတယ်လေ။ ကွာလတီ ပိုကောင်းတာပေါ့။ အဲဒီတော့ လူတွေက ကွာလတီ ကောင်းတဲ့အခါကျတော့ ကြိုက်လည်းသုံး၊ မကြိုက်လည်းသုံး ကြမှာပေါ့။ တစ်ခုရှိတာက ဒီအချိန်မှာ ပိုက်ဆံတအား ရှားနေကြတယ်။ ပိုက်ဆံရှားနေတဲ့ အခါကျတော့ ရွေးချယ် စရာမရှိရင် ယိုးဒယားပစ္စည်းပဲ ရွေးချယ်ပြီး သုံးကြမှာပေါ့” ဟု ပြောသည်။

မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာ - တရုတ်နှင့် မြန်မာ - ထိုင်း၏ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းရန် မလွယ်ကူသည့် အနေအထားမှာဖြစ်နေပြီး ပြည်တွင်း၌ တချို့သော ကုန်စည်များ ရှားပါးမှု အပြင် ဈေးနှုန်း မြင့်တက်မှုများနှင့် ကြုံတွေ့နေရသည်။

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)တို့ လှုပ်ရှားလျက်ရှိ သည်။

မြန်မာ- ထိုင်း ကုန်သွယ်ရေးလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ရှိသည်။

ထို့နောက် တရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်တင်ဆောင်ခ ဈေးနှုန်းများသည် ယခင်က သိန်း ၂၀ မှ သိန်း ၅၀ ခန့်သာ ရှိသော်လည်း လက်ရှိတွင် စစ်ဆေးရေးဂိတ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ငွေကြေး တောင်းခံမှုများ၊ အခွန်အကောက် နှုန်းထားများကြောင့် ကုန်တင်ခ ဈေးနှုန်းသည် သိန်း ၁၅၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုင်းကုန်သွယ်ရေး လမ်းကြောင်းတွင် ငွေကြေးတောင်းခံသည့် အဖွဲ့အစည်း ရှိသော်လည်း တရုတ်ကုန်သွယ်ရေး လမ်းကြောင်းကဲ့သို့ များစွာမရှိကြောင်း သိရသည်။