CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၇
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် တရုတ်နိုင်ငံ၊ ကူမင်း (Kunming) မြို့တွင် ပြုလုပ်မည့် ဒေသတွင်းအစည်းအဝေး ၂ ခုနှင့် ပီရူးနိုင်ငံမှာ နိုဝင်ဘာ ၁၀ ရက်၌ ပြုလုပ်မည့် APEC အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တရုတ်တွင် ပြုလုပ်သည့် အစည်းအဝေး နှစ်ခုသည် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ညီလာခံ (GMS Summit) နှင့် ဒဿမအကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (Acmecs) အစည်းအဝေးတို့ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြောရေးဆို ခွင့်ရှိသူ ဂျီရာယု ဟွန်ဆပ် (Jirayu Houngsub) က ပြောကြားခဲ့သည်။
GMS Summit တွင် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ဥက္ကဋ္ဌနှင့် GMS စီးပွားရေးကောင်စီ၏ ကိုယ်စားလှယ် များက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ တက်ရောက်မည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် အချိတ်အဆက်ရှိမှု၊ ယှဉ်ပြိုင်မှုနှင့် အသိုင်းအဝိုင်းဆိုသည့် ခေါင်းစဉ် ၃ ခုဖြင့် မတူ ကွဲပြားမှုများကို စီမံခန့်ခွဲရန် ဆွေးနွေးသွားမည်ဖြစ်သည်ဟု မစ္စတာဂျီရာယူက ပြောကြားခဲ့သည်။
၆ ကြိမ်မြောက် မဟာမဲခေါင် အစည်းအဝေးကျင်းပခဲ့စဉ်
လာအိုနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပမည့် ACMECS အစည်းအဝေး လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များသည် ၂၀၁၉-၂၀၂၃ ACMECS မဟာအစီအစဉ်အား ပူးပေါင်း အကောင် အထည်ဖော်မှုတွင် တိုးတက်မှုများကို သုံးသပ်သွားမည်ဖြစ်သည်။
ထိုင်းသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ လေထုညစ်ညမ်းမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတို့ အပါအဝင် ထိုအဖွဲ့ဝင် နိုင်ငံများအပေါ် သက်ရောက်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။
မဲခေါင်ဒေသတွင် ကောင်းမွန်သည့် ချိတ်ဆက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များ လိုအပ်နေပြီး ထိုအခြေအနေ၌ ထိုင်းနိုင်ငံက အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ရန် ရည်ရွယ်ထားကြောင်း မစ္စတာ ဂျီရာယုက ပြောကြားခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံက စတင်လုပ်ဆောင်ခဲ့သည့် ACMECS သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကို ချိတ်ဆက်ရန်နှင့် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်