CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်တွင် စက်သုံးဆီအတု ရောင်းချမှုများ ရှိနေခြင်းကြောင့် ဒေသခံများအတွက် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။
စက်သုံးဆီ ရောင်းချသည့် ဆိုင်ကြီးများတွင် ယင်းကဲ့သို့ စက်သုံးဆီအတု ရောင်းချခြင်း မရှိသော်လည်း လမ်းဘေး တွင် ရေသန့်ဗူးဖြင့် ရောင်းချသောဆိုင်များက အောက်တိန်း ၉၂ ကို အတုလုပ်၍ ရောင်းချနေကြကြောင်း၊ ယင်းဆီ ကို ဆိုင်ကယ်များတွင် အသုံးပြုမိပါက စက်ချို့ယွင်းမှု ဖြစ်ပေါ်ကြသည်ဟု စစ်တွေဒေသခံ ဒေါ်ကျော်မီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “92 လား ဘာလားတော့ မသိဘူး။ ဝယ်နေကျဆိုင်ကိုပဲ အဓိကထားပြီးတော့ ဝယ်တယ်လေ ယုံကြည်စွာနဲ့ ပေါ့နော်။ အခြားတွေ့တဲ့နေရာ ကြုံတဲ့နေရာကို ဝယ်လေ့မရှိဘူး။ ဘာလို့လဲဆိုတော့ တစ်ခါပေါ့နော် ကြုံရာထည့် လိုက်တော့ ဆိုင်ကယ်က အော်တိုဘီးပေါ့လေ။ များသောအားဖြင့် အော်တိုဘီးတွေက ဆီရွေးတယ်လေ။ ပြင်လိုက် ရတာ တော်တော်ပြင်လိုက်ရတယ်။ မနည်းဘူးပဲ တစ်ခါတည်းနဲ့ကို။ ပစ္စည်းကလည်းရှား၊ လုပ်မယ့်လူကလည်း မရှိ၊ ဆိုင်ကယ်ပြင်မယ့် လူကလည်း မရှိ။ ပစ္စည်းကလည်း ဝယ်ချင်တိုင်း ဝယ်လို့မရ ဆိုတော့လေ ဆီတစ်လီတာမှ ဘယ်လောက်မှ မရှိဘူး အဲဒီတုန်းက။ အဲဒီတုန်းက ၁၀၀၀၀၊ ၄၀၀၀၊ ၅၀၀၀ လောက်ပဲ ရှိတယ်။ အဲဒီတုန်းက အဲဒီလို ဖြစ်သွားတာ။ အခု ၃ သောင်းဆိုတော့ ကြုံရာ မဝယ်ရဲတော့ဘူး။ တကယ့်တကယ် မှန်မယ်ဆိုတဲ့ဆိုင်ပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းဆုံတစ်ခုကို တွေ့ရစဉ်
ရခိုင်ပြည်နယ်ကို ကုန်စည် စီးဆင်းသည့် လမ်းကြောင်းအားလုံး ပိတ်ထားခြင်းကြောင့် စက်သုံးဆီ အပါအဝင် တခြားသော ကုန်စည်များ ပြတ်လပ်ခြင်းနှင့် ဈေးနှုန်း မြင့်တက်ခြင်းများ ဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ စက်သုံးဆီ အရည်အသွေး မပြည့်ခြင်းနှင့် အတုရောင်းချခြင်းများ ရှိလာသည်။
အိန္ဒိယစက်သုံးဆီကို အရောင်တင်မှုန့်နှင့် ရောစပ်ကာ နေလှန်းပြီးနောက် အောက်တိန်း အရောင်အဖြစ် ပြောင်းလဲ သွားသော စက်သုံးဆီများအား ရောင်းချနေကြခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာန တစ်ခုက ဖော်ပြထားသည်။
ရခိုင်မှာ လမ်းဘေးတွင် ဗူးနှင့်ရောင်းနေသော စက်သုံးဆီကိုတွေ့ရစဉ်(ဓာတ်ပုံ-နိရဉ္စရာ)
ရခိုင်ပြည်နယ် ဒေသခံတစ်ဦးက “တချို့ကလည်း တင်ထားတာပေါ့နော်၊ ဆီဝယ်မယ်ဆို လက်ညှိုးလေးနဲ့ တို့လိုက်၊ တို့လိုက်ပြီးလို့ရှိရင် ချက်ချင်းပေါ့နော် အေးပြီးတော့ အငွေ့ပျံသွားတယ်ဆိုလို့ရှိရင် အဲဒါ စစ်တယ်ပေါ့နော် အဲဒီလို မျိုးလေးတွေ အနေအထားလေးတွေ သူများဆီက ကြားထားတာဆိုတော့ အဲဒီလိုမျိုးလေးတွေ လုပ်ကြည့်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုကဲ့သို့ စက်သုံးဆီ အရည်အသွေး မပြည့်မီခြင်းနှင့် အတု ရောင်းချနေမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ က တားမြစ်ဖြေရှင်းရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများက ပြောသည်။
စက်သုံးဆီအတု ရောင်းချမှုများကို ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ပေါက်တောမြို့နယ် များတွင် ရောင်းချမှု ပို၍ များသည်ဟု သိရသည်။