CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃

လက်ရှိ ရခိုင်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမရသည့် အခြေအနေများကြောင့် စိုက်ပျိုးထားသည့် မိုးစပါးများ ရိတ်သိမ်းရန် အခက်အခဲ ဖြစ်ပေါ်နေပြီး ယခု အနေအထားတိုင်း ဆက်လက်သွားမည်ဆိုပါက စပါးစိုက်ဧက ထက်ဝက်ခန့် အလေအလွင့် ဖြစ်ပေါ်သွားနိုင်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် အေအေနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ကုန်းလမ်း၊ ရေလမ်းကြောင်းအပြင် ရခိုင်သို့ အဝင်အထွက်လမ်းကြောင်းအားလုံး ကို ပြည်နယ်ကောင်စီက ပိတ်ထားခြင်းဖြစ်သည်။

ထို့သို့ ပိတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးဝါး၊ စားသောက်ကုန်နှင့် စက်သုံးဆီများ ဈေးနှုန်းကြီးမြင့် ခြင်းနှင့် ပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရိတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်သည့် မိုးစပါးများသည် လူအင်အားအသုံးပြု၍ ရိတ်သိမ်းနေရကြောင်း၊ သို့သော်လည်း လူအင်အားသည် နည်းပါးနေခြင်းကြောင့် စပါးများ ရိတ်သိမ်းလွန်ကာလသို့ ရောက်ရှိပြီး မိုးစပါးစိုက်ဧက ထက်ဝက်ခန့် ပျက်စီးမှု ဖြစ်ပေါ်နိုင်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

“အခု ကျနော်တို့က တတ်နိုင်သလောက်တော့ ဆီမရှိတဲ့ အခြေအနေမျိုးမှာ တတ်နိုင်သလောက်တော့ လုပ်ကိုင် ရတာပေါ့နော်၊ ဒါပေမယ့် အလေအလွင့် ရှိနေမှာပေါ့။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဒီဘက်အခြေအနေက လယ်ယာလုပ်သားတွေ တော်တော်ရှားသွားပြီလေ။ လယ်ယာလုပ်သား ရှားသွားတဲ့အတွက်ကြောင့် စက်ကိရိယာ တွေကိုပဲ ကျနော်တို့ အားထုတ်နေရတဲ့ အခြေအနေမျိုးမှာ စက်သုံးဆီမရှိတော့ အဲဒီအခက်အခဲနဲ့ ကြုံနေရတယ်။ ရှိတဲ့သူနဲ့ ကျနော်တို့ လုပ်နေရတော့ အလေအလွင့်ပေါ့နော် ရာခိုင်နှုန်းအားဖြင့် တော်တော်များများကတော့ ဒီ အခြေအနေမျိုးနဲ့ ဆက်သွားမယ်ဆိုရင် ဆုံးရှုံးမှုက သွားလိမ့်မယ်ပေါ့ အဲဒီလိုပုံစံမျိုး ဖြစ်နေတယ်။ အခု ကျနော် တို့မှာက ရိတ်သိမ်းတဲ့အချိန်တော့ အကုန်လုံး ပြီးဆုံးတဲ့အချိန်တော့ မရောက်သေးဘူးပေါ့နော်၊ မရောက်နိုင်သေး တဲ့အတွက်ကြောင့် အခု နောက်ဆက်တွဲ ဘယ်လိုပေါ်လာနိုင်မလဲ၊ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ့် အနေအထား ရှိနေတယ်ပေါ့။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ရာခိုင်နှုန်း ၅၀ ဝန်းကျင် လောက်ကတော့ အလေအလွင့် ဆုံးရှုံးသွားလိမ့်မယ်ပေါ့။ ဒါမှမဟုတ်ရင်လည်း ကွာလတီပိုင်းတွေ ကျဆင်းပြီး တော့ လယ်သမားတွေ အရှုံးပေါ်လိမ့်မယ်။ ဈေးကွက်မရောက်နိုင်တဲ့ ကုန်ထုတ်လုပ်မှု ဖြစ်သွားလိမ့်မယ် အဲဒီလိုပုံစံမျိုး သုံးသပ်လို့ရတယ်” ဟု ပြောသည်။

စပါးများကို လူအင်အားဖြင့် ရိတ်သိမ်းနေစဉ်

လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင် မြို့နယ်အများစု၌ စက်သုံးဆီ ဝယ်ယူမရသည့် အခြေအနေ ဖြစ်ပေါ်နေပြီး ဝယ်ယူ၍ ရသည့် မြို့နယ်တွင် ဒီဇယ် တစ်လီတာလျှင် ၃ သောင်းကျပ်မှ ၅ သောင်းကျပ်အထိ ဈေးနှုန်းဖြစ်ပေါ် လျက် ရှိနေသည်။

ရိတ်သိမ်းလွန်ချိန်မှ ရိတ်သိမ်းနိုင်သည့် စပါးများသည် ဆန်အဖြစ်သို့ မရောက်ရှိဘဲ ဆန်ကွဲအဖြစ်သာ ရရှိနိုင် ကြောင်း၊ ထို့ကြောင့် ရခိုင်တောင်သူ အများစုသည် ဆုံးရှုံးမှုနှင့်သာ ကြုံတွေ့သွားနိုင်သည်ဟု သိရသည်။

ထို့ကြောင့် လာမည့် မိုးစပါးစိုက်ရာသီတွင် ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူများသည် လယ်ယာမြေများကို စွန့်ခွာလာမှု ပို၍ များလာမည် ဖြစ်သည်ဟု ကျောက်တော်မြို့နယ်မှ စပါးစိုက်တောင်သူ ဦးမောင်သန်းက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ ရခိုင်ဒေသကလေ တစ်နှစ်ပြီးတစ်နှစ် မုန်တိုင်းဒဏ်တို့၊ ကိုဗစ်ဒဏ်တို့၊ ကိုဗစ်ဒဏ်ကနေ စပြီးတော့ ကိုဗစ်ဒဏ်၊ စစ်ပွဲဒဏ်၊ မုန်တိုင်းဒဏ် အခုဆိုလည်း နိုင်ငံရေး၊ ရာသီဥတုကြောင့် ကျနော်တို့ အခက်အခဲ ကြုံလာရတာပေါ့။ နောက်နှစ်ဆိုရင် ကျနော်တို့ ပိုပြီးတော့ အခက်အခဲ ကြုံရလိမ့်မယ်။ ကျနော်ထင်တယ်ဗျာ လယ်သမားတွေက လယ်ယာမြေကို စွန့်ခွာမယ့် အနေအထား ပိုများလာလိမ့်မယ်လို့ ကျနော်သုံးသပ်လို့ ရတယ်” ဟု ပြောသည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း၌ မိုးစပါးစိုက်ဧက ၈ သိန်းခန့်ရှိပြီး မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင် စပါးစိုက်ပျိုးမှု အများဆုံး ဖြစ်သည်။

လက်ရှိစိုက်ပျိုးထားသည့် စပါး ထက်ဝက်ခန့် အလေအလွင့် ဖြစ်သွားမည်ဆိုပါက စပါးစိုက်ပျိုးမှု နည်းပါးသည့် ရခိုင်ပြည်နယ် မြို့နယ်များသည် ဆန်ရိက္ခာ လိုအပ်ချက် ဖြစ်ပေါ်သွားမည် ဖြစ်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂထံမှ သိရသည်။