CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်ရှိ တောင်သူများသည် ဈေးကောင်းပေး ဝယ်သူများရှိခဲ့၍ စပါးရိတ်သိမ်းခြွေလှေ့စက်များကို ရောင်းချ လိုက်ရာ ယခုအခါမှာတော့ ပြန်လည် မဝယ်ယူနိုင်တော့ခြင်းကြောင့် စပါးရိတ်သိမ်းခြွေလှေ့စက်များ ပိုမိုလိုအပ် လာနေသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စပါးရိတ်သိမ်းခြွေလှေ့စက်များကို ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ရန်ကုန် စသည့် ဒေသအသီး သီးမှ ဈေးကောင်းပေး၍ လာရောက်ဝယ်ယူမှုများ ရှိခဲ့ပြီး တောင်သူများက ရောင်းချခဲ့ကြသည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်တွင် ရိတ်သိမ်းခြွေလှေ့စက်များ ဝယ်ယူရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှတဆင့် ချေးငွေဖြင့် သော်လည်းကောင်း၊ အရစ်ကျဖြင့်သော်လည်းကောင်း ဝယ်ယူ၍ ရသော်လည်း လက်ရှိတွင် လက်ငင်း ဖြင့် ဝယ်ယူကြရခြင်းကြောင့် မဝယ်နိုင်ဘဲ ဖြစ်နေကြသည်။

ထို့အပြင် သိန်း ၅၀၀ တန် ရိတ်သိမ်းခြွေလှေ့စက် တစ်စီးသည် လက်ရှိတွင် သိန်း ၁၀၀၀ နီးပါး ဖြစ်ပေါ်နေခြင်း ကြောင့် တောင်သူများသည် ပြန်လည်ဝယ်ယူရန် အခက်အခဲ ဖြစ်ပေါ်နေသည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

စပါးရိတ်သိမ်းခြွေလှေ့စစ်ကိုတွေ့ရစဉ်

၎င်းက “ဘာဖြစ်လို့ ဒီလို ရိတ်သိမ်းခြွေလှေ့စက် လိုအပ်မှုက ဝုန်းဒိုင်း ဖြစ်သွားလဲဆိုတော့ လွန်ခဲ့တဲ့ ၃/၄ နှစ်က ဆိုလို့ရှိရင် ရိတ်ခြွေစက်တစ်စီး ဝယ်ချင်တယ်ဆိုလို့ရှိရင် သိန်း ၁,၆၃၀,၀၀၀(၁၆ သိန်း ၃ သောင်း)ရှိရင်၊ ပုံစံ ၁၀ ဧက ရှိရင် ဝယ်လို့ရပါတယ်။ အဲဒီအချိန်မှာ ဈေးကလည်း ၅၀၀ ပတ်ချာလည်လောက်ပဲ ရှိပါသေးတယ်။ အဲဒီလိုဆို ကိုယ်က ၃ ချိုး ၁ ချိုးလောက် သွင်းနေပြီဆိုရင် ကျန်တဲ့ဟာကို ၂ နှစ် ၄ ရစ်နဲ့ ပေးတာပေါ့။ အဲဒီလို အခြေအနေမျိုး ကနေပြီးတော့ ဈေးတက်သွားတာရယ်၊ နောက်တစ်ခါ ဘဏ်တွေကနေပြီးတော့ တောင်သူတွေကို အရစ်ကျ ထုတ် မပေးတဲ့ စနစ်တွေရယ်၊ လက်ငင်းစနစ်နဲ့ ဖြစ်လာတဲ့အခါမှာ တောင်သူတွေမှာလည်း ကိုဗစ်ပြဿနာ တစ်ခါတိုး တယ်၊ ပြီးတော့ နယ်မြေ မငြိမ်မသက်မှုတွေ ဖြစ်တယ်၊ လွန်ခဲ့တဲ့ နှစ်ကဆိုရင် မိုးခေါင်မှုတွေ ဖြစ်တယ်။ ဒီနှစ်မှာ ဆိုရင်လည်း မိုခါ ထိပြန်ပြီ။ အဲဒီအတွက်ကို အကြွေးတွေကလည်း စိုက်ဘဏ်တွေနဲ့ အခြေအနေက မပေးသလို ဖြစ်နေတယ်။ အကြွေးကလည်း တစ်ဖက်က တင်နေတယ်။ အဲဒီလိုဆိုတော့ ဘဏ်တွေကလည်း အရစ်ကျ ချမပေး ဘူး။ လက်ငင်းဈေး မေးလိုက်ပြန်တော့လည်း ဒီနှစ်မှာ စပါးရိတ်စက်က သိန်း ၉၆၀ ရှိနေတယ်။ လွန်ခဲ့တဲ့ ၃ နှစ် လောက်က ၅၀၀ လောက် ရှိတဲ့ဟာကို အခု ၁၀၀၀ နီးပါးလောက် ဖြစ်နေတဲ့အခါမှာ တစ်ဖက်က ဝင်ငွေက ကျပ် တည်းနေတဲ့ အခါမှာ စိုက်ဘဏ်တောင် မဆပ်နိုင်တဲ့အခါမှာ မဝယ်နိုင်ကြဘူးပေါ့။ နောက်တစ်ပိုင်းက အဲဒီလို ကျနော်တို့ဆီက အဟောင်းတွေကို ၅၀၀ ပတ်ချာလည်နဲ့ ဝယ်ထားတဲ့ စက်တွေကို ၃ နှစ်လောက်၊ ၄ နှစ်လောက် ကို သုံးထားပြီးပြီ။ အခုလည်း ၅၀၀ ပေးသွားတယ်။ အဲဒီလိုဆိုတော့ တချို့တောင်သူတွေက ၃ နှစ်လောက် သုံး ထားတဲ့ဟာကို အခုလည်း ၅၀၀ ပေးတယ်ဆိုတော့ ရိတ်ထားတာ အမြတ်ဆိုပြီးတော့ ရောင်းချလိုက်ကြတာ များတယ်” ဟု ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ယခုနှစ်တွင် ရိတ်သိမ်းခြွေလှေ့စက်များကို ပြန်လည် ရောင်းချမှု နှုန်းသည် အစီးရေ ရာနှင့်ချီ၍ ရှိနိုင်သည်ဟု ခန့်မှန်းနေကြသည်။

ထို့ကြောင့် နှစ်စဉ် လိုအပ်ချက် ရှိခဲ့သည့် ရခိုင်ပြည်နယ်သည် ယခုနှစ်တွင် ပို၍ လိုအပ်ချက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များသည် ပြည်ပသို့ ထွက်ခွာရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များကို ရောင်းချ သွားကြပြီး ပြန်လည်ဝယ်ယူရာတွင်လည်း ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝယ်ယူနိုင်ခြင်း မရှိဖြစ်သွားသည်ဟု ကျောက်တော်မြို့နယ်မှ တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။

စပါးရိတ်သိမ်းခြွေလှေ့စစ်ကိုတွေ့ရစဉ်

၎င်းက “ရိတ်သိမ်းခြွေလှေ့စက်က ကုန်ခဲ့တဲ့နှစ်ထက် ၂၅ ရာခိုင်နှုန်းလောက် နည်းမယ်ထင်တယ်။ အဲဒါက လူငယ် တွေက စပါးရိတ်စက်တွေကို ရောင်း၊ ရောင်းပြီးတော့ နိုင်ငံခြားသွားတယ်၊ အဲဒီလို သွားကြတယ်။ စက်တွေက ပြည်မဘက်ကို ရောက်သွားကြတယ်။ အရင်တုန်းကဆိုရင် လူတွေက အကြွေးစနစ်နဲ့ဆို ပြန်ဝယ်ကြတယ်။ ဥပမာ သိန်း ၁၀၀၊ သိန်း ၂၀၀ လောက် သွင်း။ ကျန်တဲ့ဟာကို ၅ လ၊ ၆ လနဲ့ဆိုရင် ဝယ်မယ့်လူတွေ ရှိကြတယ်။ ဒါပေမယ့် တစ်လုံးတခဲတည်း ပေးရမယ်ဆိုတော့ သိန်း ၈၀၀၊ ၉၀၀ လောက်ရှိတယ်၊ လူတွေက မဝယ်နိုင်ကြတော့ဘူး” ဟု ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် မိုးစပါးစိုက်ဧက ၁၂ သိန်းကျော်ရှိပြီး ရိတ်သိမ်းခြွေလှေ့စက် အစီးရေ ၃၀၀ ကျော် လိုအပ်နေပြီး စပါးစိုက်ဧက အများဆုံးရှိသည့် မြောက်ဦးမြို့နယ်တွင် အစီးရေ ၁၂၀ ခန့်နှင့် ကျောက်တော် မြို့နယ်တွင် အစီးရေ ၁၀၀ ကျော် လိုအပ်သည်ဟု ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်ထံမှ သိရသည်။

လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ အချိန်မီ အထောက်အပံ့ ရရှိရန်အတွက် ရခိုင်ပြည်နယ်ကောင်စီနှင့် ရခိုင် ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံသို့ တောင်းဆိုထားလျက် ရှိသည်။

ရိတ်သိမ်းခြွေလှေ့စက် အချိန်မှီ မရရှိပါက တောင်သူများအနေဖြင့် လူအားဖြင့် ရိတ်သိမ်းရာတွင် ရိတ်သိမ်းလွန် ကာလနှင့် ကြုံတွေ့နိုင်သည့်အပြင် ကုန်ကျစရိတ်များ ပို၍ များလာမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်များက  ကြုံတွေ့ခဲ့ရသည့် ရင့်မှည့်စပါးပင်များ အပူရှိန်ကြောင့် မီးလောင်မှု ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များအတိုင်း ပြန်လည် ကြုံတွေ့ရမည်ကို တောင်သူများက စိုးရိမ်နေကြသည်။