CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ Certificate of Identity- CI စာအုပ်ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ပြည်ထောင်စု ဝန်ကြီးတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အထောက်အထားမဲ့ မြန်မာများအား CI စာအုပ်ဖြင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ မြန်မာဘက်မှ တောင်းဆိုမှုကို ထိုင်းအစိုးရဘက်မှ ခွင့်ပြုလုပ်ဆောင်ပေးနိုင်မည်ဆိုပါက ကောင်းမွန်သော်လည်း ထိုင်းဘက်မှ အထောက်အထားမဲ့လုပ်သားဦးရေ ကိန်းကဏန်းနှင့် လိုအပ်ချက်အပေါ်မူတည်ပြီးမှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဘာလို့ဆို သူတို့ကတော့ သူတို့အနေအထားပေါ့။ ထိုင်းဘက်က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးတဲ့ အခါ ကြတော့ အဲဒီလို လူသစ်စာရင်းကို လုပ်ပေးတယ်ဆိုတာက သူတို့မှာ သူတို့ရဲ့ချက်ချင်းလုပ်တဲ့ဟာမျိုး လုပ်လို့ မရဘူး။ သူတို့က ဌာနပေါင်းစုံညှိနှိုင်းပြီးမှ လုပ်တယ်မလား။ ပြီးတဲ့အခါကြမှ ဒီဟာနဲ့ပတ်သက်ပြီး လုပ်သင့်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကတော့ နံပါတ်တစ်ပေါ့။ သူတို့ကနေ သူတို့ရဲ့ စစ်တမ်းတွေအရ တရားမဝင်တဲ့ အလုပ် သမားတွေ ဘယ်လောက်လောက် ရာခိုင်နှုန်းလောက်ရှိနေပြီ၊ ဦးရေဘယ်လောက် ရှိနေတယ် ဒါမျိုးတွေ ကြားရ တယ်။ အဲဒါကြောင့်မို့လို့ ပြည်နယ်အလိုက် အလုပ်သမား လူသစ်မှတ်ပုံတင်တဲ့ဟာကိုလုပ်ဖို့ ဝန်ကြီးအဖွဲ့ အစည်း အဝေးမှာ တင်ပြမယ်။ တင်ပြတဲ့အခါကြမှ သူတို့က ဒါ တရားဝင် အလုပ်လုပ်ခွင့်အတွက်ကို သူတို့ဘက်က တင်ပြ တဲ့အခါကြရင် ပြည်ထဲရေးဝန်ကြီးဌာနတို့၊ ကျန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ အဲဒါတွေကပါ ဒီ ကိန်းကဏန်း တွေအပေါ်မူတည်ပြီး သဘောတူညီချက်တွေ ဘာတွေ ယူရတာ။ အဲဒါတွေ ယူပြီးတော့မှ ဝန်ကြီးချုပ်ကနေ အတည်ပြုချက်ကိုပေးပြီးတော့ ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်တာ။ အဲဒါ ပြီးတော့ မှ Endorsement ယူရတာပေါ့။ အဲဒီလို သွားရတာ။ ဆိုတော့ အဆင့်ကတော့ ချက်ချင်းကြီး မရနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

အထောက်အထားမဲ့ မြန်မာလုပ်သားများအနေဖြင့် CI စာအုပ်တစ်မျိုးတည်းသာ ရှိပါက ခရီးသွားလာခွင့်တွင် အခက်အခဲရှိနိုင်ပြီး လေကြောင်းလိုင်းဖြင့် စီးနင်း၍သော်လည်းကောင်း၊ ကုန်းလမ်းဖြင့်သော်လည်းကောင်း မြန်မာနှင့် ထိုင်းနိုင်ငံသို့သာသွား၍ ရကြောင်းသိရသည်။  

CI စာအုပ်များ လုပ်ဆောင်ပေးသည့် စခန်းနေရာ

ထို့အပြင် CI စာအုပ်ဖြင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို တရားဝင်နေထိုင်လုပ်ကိုင်ခွင့်အစား ဘတ်ပန်းရောင်ကတ်ထုတ်ပေးပါက ပို၍ အဆင်ပြေကောင်းမွန်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အထောက်အထားမဲ့သည် အထောက်အထားတစ်ခုရသွားရင်တော့ သိပ်ကောင်းတာပေါ့။ လုံခြုံရေးက အရေးကြီးတာ ဖြစ်တဲ့အတွက်။ ဒါပေမယ့် အထောက်အထားထုတ်ပေးတဲ့နေရာမှာ အရင်တုန်းက ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်မှာ အလုပ်သမားကတ် တစ်ကတ်တည်းနဲ့ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး သွားလာပြီးတော့ အလုပ်လုပ်လို့ရတဲ့ စနစ်တွေရှိတယ်။ အခုလည်း ဒီအလုပ်သမားဝန်ကြီးဌာနသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုနီးပါးက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ စနစ်နဲ့ပဲ ပန်း‌ရောင်ကတ်လို့ အများခေါ်တဲ့ ကတ်ပြားကို ထုတ်ပေးနေတာ ဖြစ်တဲ့အတွက် ယာယီအလုပ်သမား လက်မှတ်တစ်ခုရှိရုံနဲ့ ထိုင်းတစ်နိုင်ငံလုံး လွတ်လပ်စွာသွားခွင့်ရတဲ့ အထောက်အထား လုပ်ပေးမယ်ဆိုရင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကုန်ကျစရိတ်လည်းသက်သာသလို လုံခြုံမှုအတွက်လည်း စိတ်ချရတယ်လို့ ပြောလိုတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ CI စခန်းတွေမှာ CI စာအုပ်ရရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ ၈၀၀၀ မှ ၁၂၀၀၀ အထိ အကုန်ကျခံကာ ပြုလုပ်နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

ထို့အပြင် CI စာအုပ်လုပ်ပါက မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေသည့် ဝင်ငွေခွန်နှင့်ပတ်သက်၍ ပေးဆောင်ရနိုင်ဖွယ် အခြေအနေများလည်းရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။