CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ရှိ မြဘုရင် တောင်လေးလုံး သကြားစက်ရုံက လက်ရှိတွင် ကြံလိုအပ်ချက် ဖြစ်ပေါ်နေခြင်းကြောင့် ကြံတစ်တန်လျှင် ၁၅၀,၀၀၀(တစ်သိန်းခွဲ)ကျပ်အထိ ဈေးနှုန်းပေး ဝယ်ယူလာကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယခုနှစ်က ကြံတစ်တန် ညှိနှိုင်းဈေးသည် ၁၀၀,၀၀၀(တစ်သိန်း)ကျပ်မှ ၁၃၀,၀၀၀(တစ်သိန်း သုံးသောင်း) ကျပ် အထိသာ မျှော်မှန်းထားသော်လည်း လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြံစိုက်ပျိုးမှုနှင့် သကြားစက်ရုံ၏ ကြံလိုအပ်ချက်သည် ပို၍များနေခြင်း ကြောင့် ညှိနှိုင်းဈေးထက် ဈေးနှုန်းပိုပေးပြီး ဝယ်လာခြင်းဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ကြံစိုက်ပျိုးမှု နည်းပါးပြီး ပြောင်းစိုက်ပျိုးမှု များပြားနေခြင်းကြောင့် ကြံစိုက် ပျိုးမှု တိုးမြင့်လာစေရန်အတွက် ဈေးနှုန်းတိုး၍ ဝယ်ယူခြင်းဖြစ်သည်ဟု ကြံစိုက်တောင်သူ ဦးမောင်ဆွေ က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှမ်းတောင်က သူတို့ဘက်က ကြံစိုက်တဲ့သူက နည်းသွားပြီလေ။ သူတို့ရဲ့ စက်ရုံရဲ့ လိုအပ်ချက်ပေါ့နော်။ ကြံတန်ချိန် လိုအပ်ချက် ရှိတာပေါ့နော်။ ကြံဈေး တိုးပေးလိုက်မှ ကြံစိုက်တဲ့ တောင်သူတွေက စိတ်ဝင်စားလာမှာ လေ ကြံစိုက်ပျိုးလာမှာ။ သူတို့ ကြံထွက်တာ နည်းလို့ ကြံတောင်သူတွေ စိုက်ပျိုးလာအောင် ဈေးကို သူများထက် ပိုပေးတော့ ပေးရမယ်ပေါ့နော်။ ရှမ်းတောင်က ပြောင်းရှိတယ်လေ။ ပြောင်းဈေးနဲ့ တွက်တာဆိုတော့ သူတို့ အဲဒီ ဈေးနဲ့ ရမှာပေါ့နော် တောင်သူတွေကတော့။ အဲဒါကြောင့် သူက ကြံဈေးကို မြှောက်ပေးရမှာပေါ့” ဟု ပြောသည်။

သကြားစက်ရုံကိုတွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြံစိုက်ဧက ၁၇၀၀၀ ကျော်ရှိပြီး ညောင်ရွှေ၊ ရပ်စောက်၊ ရွှေညောင်နှင့် တောင်ကြီး မြို့များတွင် စိုက်ပျိုးကြသည်။ သို့သော်လည်း ကြံထက် အကျိုးအမြတ်ရှိပြီး ပြည်ပသို့ တင်ပို့မှုရှိသည့် ပြောင်းများ ကို ပို၍ စိုက်ပျိုးကြသည်။

လက်ရှိတွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စသည့် သွင်းအားစုစရိတ်များ မြင့်တက်နေခြင်းနှင့် ယခုနှစ် ၌ သကြားဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် ယခုရရှိသည့် ကြံဈေးနှုန်းသည် သင့်တင့်မျှတသော  ဈေးဖြစ်သည် ဟု ကြံစိုက်တောင်သူများက ပြောသည်။

သို့သော်လည်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သကြားစက်ရုံများနှင့် တောင်သူများသည် အကျိုး တူ လယ်ယာစနစ်ဖြင့် ဈေးနှုန်းသတ်မှတ်ချက်များ ပြုလုပ်ထားပြီးပြီ ဖြစ်သည့်အတွက် မြဘုရင် သကြားစက်ရုံမှ ဝယ်ယူသည့် ဈေးနှုန်းအတိုင်း တခြားသော သကြားစက်ရုံများက ဝယ်ယူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

ကြံများကိုတွေ့ရစဉ်

၎င်းက “ရှမ်းတောင်က မြဘုရင် တောင်လေးလုံး သကြားစက်၊ သူတို့က ကြိတ်ဝါးတန်လည်း ပိုလိုချင်တဲ့ အနေ အထားမျိုး ဖြစ်မှာပေါ့။ ဘယ်လိုကြောင့် ပေးတာလဲဆိုတော့ ကြံလိုချင်လို့ပေါ့။ သကြားဈေးကလည်း အခုက မြင့်နေတာလေ။ မြင့်တော့ ဘာပဲပြောပြော တက်လို့ရသေးတယ်ပေါ့နော်။ တွက်ခြေကိုက်တဲ့ အနေအထား ရှိ တယ်။ သူ့ရဲ့ ကြိတ်ဝါးတန် ဥပမာ သူက ၁ ရက်ကို တန် ၁၅၀၀ လည်နိုင်ရင် အခုလက်ရှိ ၁၀၀၀ လောက်ပဲ ရတယ် ဆိုရင် တန် ၅၀၀ လောက် လိုနေသေးတာပေါ့။ လိုအပ်ချက်ကို ဖြည့်လို့ရအောင်လို့ ပိုဝယ်တဲ့သဘောပါပဲ။ တခြား စက်ရုံတွေက အဲဒီလောက်ထိ ပေးချင်မှ ပေးမှာပေါ့။ ၁၃၀,၀၀၀ လောက်အထိပဲ ပေးမယ်လို့ ခန့်မှန်းတာပဲ။ တခြား စက်ရုံတွေကျတော့ အသီးသီး စာချုပ်ပြီးပြီ။ သူ့ကို ဘယ်လောက် ရောင်းမယ်ဆိုတာ Contract လုပ်ပြီးပြီ။ တောင်သူတွေနဲ့ တော်တော်များများက Contract farming ပုံစံ လုပ်ပြီးသွားပြီ။ ထူးခြားတာက ဒီစက်ရုံက Contract farming မှာ အားနည်းသေးတာကိုး။ အားနည်းသေးတော့ သူက တခြား ကြံသကာချက်တဲ့သူတို့၊ ဘာတို့ အဲဒီနားမှာ များတာပေါ့။ များတော့ သူက ကြံလိုချင်လို့ ပိုဝယ်တဲ့သဘောလို့ ယူဆရတာပေါ့နော်” ဟု ပြော သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ သကြားစက်ရုံများက လက်ရှိတွင် ကြံတစ်တန် ဈေးနှုန်းကို ၁၂၀,၀၀၀(တစ်သိန်း နှစ်သောင်း)ကျပ် သတ်မှတ်ထားပြီး တောင်သူများက ၁၃၀,၀၀၀ (တစ်သိန်း သုံးသောင်း)ကျပ်နှင့်အထက် ရရှိရန်အတွက် မျှော်မှန်းနေကြသည်။

လက်ရှိတွင် ကမ္ဘာ့သကြားဈေး မြင့်တက်နေပြီး ပြည်တွင်း သကြားဈေးနှုန်းသည်လည်း ကောင်းမွန်နေခြင်းကြောင့် သကြားစက်ရုံများက တောင်သူများ မျှော်မှန်းထားသည့် ဈေးနှုန်းကို တိုးမြှင့်၍ ဝယ်ယူလာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ပြောသည်။