CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)တို့ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အနေအထားတွင် ရှိနေ ကြောင်း လဲချားဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က လဲချားမြို့နယ်သည် RCSS ၏ နယ်မြေဖြစ်သော်လည်း လက်ရှိမှာ RCSS နှင့် SSPP တို့ နယ်မြေတစ်ဝက် ဆီ ယူထားကြောင်း ၎င်းက ပြောသည်။

လဲချားဒေသခံ တစ်ဦးက “အရင်တုန်းကတော့ RCSS က တစ်နယ်လုံးကို သူ့အုပ်ချုပ်နယ်မြေပေါ့ဗျာ၊ အခုကြတော့ SSPP က သူနဲ့ နည်းနည်း တစ်ဝက်ဆီ လောက်လိုလို ဖြစ်နေတယ်၊ အဲဒီလိုမျိုးပေါ့နော်၊ အဲဒါကတော့ စစ်ရေး တင်းမာ နေတယ်ဗျ၊ တစ်ဖက်နဲ့ တစ်ဖက်နဲ့လေ။ အချိန်မရွေး ဖြစ်နိုင်တဲ့ အနေအထားတော့ ရှိတယ်” ဟု ပြော သည်။

လဲချားအ၀င်ကို တွေ့ရစဉ်

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်က လဲချားမြို့နှင့် ၂ မိုင်အကွာတွင် ရှိသည် မက်လန်းကျေးရွာတွင် RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၀ ကျော် လဲချားမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
လဲချားမြို့နယ်အတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားမှု၊ နှစ်ဖက် စစ်ရေးတင်းမာမှု၊ ဒေသခံများ၏ တိုက်ပွဲ ရှောင်ရမှု အခြေအနေများကို သိရှိနိုင်ရန် နှစ်ဖက်တာဝန်ရှိ ပုဂ္ဂိုလ်များထံ CNI မှ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော် လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

RCSS နှင့် SSPP ဥက္ကဋ္ဌ အချင်းချင်း တွေ့ဆုံဆွေးနွေးရန် မိမိတို့ အနေဖြင့် တိုက်တွန်းခဲ့ကြောင်း၊ သို့သော်လည်း နားမထောင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ အချင်းချင်း ညှိမှပဲ ရမှာပေါ့ဗျာ၊ ကျ‌နော်တို့က တိုက်တွန်းနေတာပဲ အချင်းချင်းညှိဖို့ တိုက်တွန်းနေ တာပဲ သူတို့မှ နားမှမထောင်တာ ဘယ်လိုလုပ်မလဲ၊ ကျနော်တောင် ဦးယွက်ဆစ်ကို ပြောလိုက်သေးတယ်၊ ခင်ဗျား နဲ့ ပန်ဖနဲ့ ညှိလိုက်ပါလားလို့ ပြောနေတာ ညှိလို့မရဘူးလို့ ပြောတယ်၊ တစ်ယောက်နဲ့ တစ်ယောက်က ဘယ်လို ကြောင့်လည်း မသိဘူး။ ကျ‌နော်တို့က တိုက်တွန်းတာပဲ ရှိတယ်လေ၊ သူတို့ ကာယကံရှင်က နားမထောင်တော့ မတတ်နိုင်ဘူး။ ဆရာတော်တွေတောင်မှ တိုက်တွန်းတယ်နော်၊ အဖွဲ့အစည်းရှိတယ်၊ ရှမ်းလူငယ်တွေရော အကုန် လုံး တိုက်တွန်းတယ်နော်၊ ဒါပေမဲ့ နားမထောင်ဘူးဗျ” ဟု ပြောသည်။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်

RCSS နှင့် SSPP တို့ တိုက်ပွဲကြောင့် တပ်သားသစ် စုဆောင်းမှုများ၊ ဘေးလွတ်ရာ ထွက်‌ပြေး တိမ်း‌ရှောင်ရမှုများ ကြောင့် လူငယ်အရင်းအမြစ်များ ဆုံးရှုံးနေကြောင်း ၎င်းက ပြောသည်။

ထို့နောက် RCSS နှင့် SSPP တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ နစ်နာနေကြောင်း၊ နှစ်ဖက်အဖွဲ့အစည်း အကြား ညှိနှိုင်းစေလိုကြောင်း လဲချားဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ကိုယ့်အချင်းချင်းလည်း ဖြစ်နေတယ်ဗျာ၊ ပြီးရင် ဖြစ်လိုက်ရင်လည်း သေတာကလည်း တခြား တိုင်းရင်း သားတွေ မဟုတ်ဘူး။ ကိုယ့်လူတွေပဲ သေတယ်ပေါ့၊ အဲဒီလိုမျိုး အနေအထား နောက်ပြီးတော့ ဖြစ်လာရင်လည်း အဓိကတော့ အဲဒီလိုမျိုးပေါ့၊ နှစ်ဖက်စစ်ပွဲကြားထဲမှာ ပြည်သူတွေကတော့ နစ်နာတာပေါ့ဗျာ၊ ပြည်သူဆိုတာ ကျနော်တို့ ရှမ်းတွေလည်းပါမယ်၊ ပလောင်တွေလည်း ပါမယ် အဲဒီလိုမျိုးပေါ့၊ ပြည်သူတွေက နစ်နာတယ်၊ အဓိက တော့ ဘာပဲပြောပြော နောက်ဆုံးတော့ ကြားထဲကနေ ငထွားတွေပဲ ခါးနာတာပေါ့ဗျာ၊ အဲဒါပါပဲ ပြောလို့ဆိုလို့ ကလည်းမရ၊ ညှိနှိုင်းပေးလို့ကလည်း မရဆိုတော့ အဲဒီလို ဖြစ်နေတယ်”ဟု ပြောသည်။

SSPP သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မထိုးရသေးသည့် ရှမ်းလက် နက်ကိုင် အဖွဲ့ဖြစ်ပြီး RCSS ကမူ NCA ထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်
လက်ရှိတွင် နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို RCSS နှင့် SSPP တို့ တက်ရောက်၍ သီးခြားစီ ဆွေး နွေးမှုများ ပြုလုပ်ထားသည်။