CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းမှာ လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး-PDF)၏ တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင် ၄ ဦးသည် မိမိတို့၏ စိတ်ဆန္ဒဖြင့် တပ်ရင်းကနေ နုတ်ထွက်(ထွက်ပြေး) သွားသည့် အတွက် တပ်ဖွဲ့ဝင်အဖြစ် တရားဝင် ထုတ်ပယ်လိုက်ကြောင်း တမူး PDF က စက်တင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထွက်ပြေးသွားသူများမှာ မောင်ညီမင်းခန့်၊ မောင်ဟိန်းဖြိုးဦး၊ မောင်ရဲထက်ပိုင်၊ မောင်ရန်နိုင်ဦးတို့ ဖြစ် ကြောင်း၊ ၎င်းတို့နှင့်ပတ်သက်သည့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မိမိတို့ တပ်ရင်း(၃)မှ လုံးဝ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း တမူး(PDF)က ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းမှာ PDF အဖွဲ့အစည်း ၆ ဖွဲ့လောက် လှုပ်ရှားလျက်ရှိသလို အိန္ဒိယ အစိုးရကို တော်လှန်တိုက်ခိုက်နေသော ကသည်း၊ ကူကီးနှင့်တခြား လက်နက်ကိုင်အဖွဲ့ဝင် တချို့လည်း လှုပ်ရှား လျက်ရှိကြောင်း သိရသည်။