CNI International News

ဝါဒါဒူဂူ၊ အောက်တိုဘာ ၁

ဘာကီနာဖာဆို စစ်သားများက မိမိတို့နိုင်ငံ၌ ဒုတိယမြောက် အာဏာသိမ်းမှုအဖြစ် သမ္မတ ပေါလ်ဟင်နရီဒါမီဘာ (Paul-Henri Damiba) ကို ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက အတည်ပြုကြေညာခဲ့ သည်။

မြို့တော် ဝါဒါဒူဂူရှိ စစ်စခန်းတစ်ခုအနီးတွင် သေနတ်ပစ်ခတ်မှု၊ သမ္မတအိမ်တော်အနီး ပေါက်ကွဲမှုနှင့် အစိုးရ ရုပ်သံလိုင်း ထုတ်လွှင့်မှု အနှောင့်အယှက် စတင်သည့်နေ့တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခဲ့သည်။

အနောက်အာဖရိကရှိ ဆာဟဲ (Sahel) ဒေသ၌ မိုးရွာသွန်းမှု နည်းပါးပြီး နေရာအနှံ့အပြား အပျက်အစီးများ ရှိနေ သဖြင့် အစ္စလာမ္မစ် လက်နက်ကိုင် သူပုန်များသည် လူထောင်ချီ၍ သတ်ဖြတ်ပြီး အားနည်းနေသော အစိုးရများကို ယုံကြည်ချက်များ ပျက်ပြားစေခဲ့သည်။

ထိုကဲ့သို့ ပုံစံမျိုးမှာ အာဖရိကတိုက် အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပိုမိုမြင်တွေ့လာရသည်။

ဖြုတ်ချခံလိုက်ရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ပေါလ်ဟင်နရီဒါမီဘာကိုတွေ့ရစဉ် (GETTY IMAGES)

မာလီ၊ ချဒ်နှင့် ဂီနိ စသည့် နိုင်ငံများတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ ဘာကီနာဖာဆိုကဲ့သို့ အလားတူ အာဏာသိမ်းမှုများ မြင်တွေ့ခဲရသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဒီမိုကရေစီ တိုးတက်ခဲ့သော ၎င်းဒေသများအတွက် စစ် အုပ်ချုပ်ရေးဘက်သို့ နောက်ပြန်ဆုတ် သွားမည့်အရေး စိုးရိမ်မှုများ တိုးလာခဲ့သည်။

ယခု ဘာကီနာဖာဆို အာဏာသိမ်းမှု၏ ခေါင်းဆောင်အသစ်မှာ စစ်တပ်မှ ဗိုလ်ကြီး အီဘရာဟင်ထရာအိုရီ (Ibrahim Traore) ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်၌ စစ်ခေါင်းဆောင် ဒါမီဘာ၏ အာဏာသိမ်းမှုကို ယခုအာဏာသိမ်းမှုက ပုံတူ ကူးချ ထားကြောင်း တွေ့ရပြီး အီဘရာဟင်ထရာအိုရီသည် ရုပ်သံလိုင်းမြင်ကွင်းတွင် စစ်သားများဖြင့် ဝန်းရံထားလျက် အစိုးရကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံထားပြီး နယ်စပ်ဂိတ်များ ပိတ်ထားကြောင်း၊ ညလမ်းမထွက်ရအမိန့် ထုတ်ပြန်ကြောင်း ဆက်လက် ကြေညာခဲ့သည်။

ယခင် အာဏာသိမ်း စစ်ခေါင်းဆောင် ဒါမီဘာကို လက်ရှိ မည်သည့်နေရာတွင် ထားရှိကြောင်း စက်တင်ဘာ ၃၀ ရက် ညနေပိုင်းအထိ မသိရသေးပေ။

ဘာကီနာဖာဆို ပြည်သူများကိုတွေ့ရစဉ် (AP)

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဒါမီဘာ အာဏာသိမ်းရန် ကူညီခဲ့သော စစ်အရာရှိအုပ်စုသည် အစ္စလာမ္မစ်များနှင့် ဆက်ဆံရေး မစွမ်းဆောင်နိုင်၍ ၎င်းတို့ကို ဖယ်ရှားရန် မိမိတို့ဆုံးဖြတ်ခဲ့ကြောင်း ထရာအိုရီက ပြောကြားခဲ့သည်။

ဒါမီဘာသည်လည်း ယခုနှစ် အစပိုင်း၌ အလားတူ အကြောင်းပြချက်ဖြင့် ဘာကီနာဖာဆို သမ္မတဟောင်း ရို့ချ်ကာ ဘိုး (Roch Kabore) ကို ဖြုတ်ချခဲ့သည်။

“ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး လုံခြုံရေးဆိုင်ရာ မေးခွန်းနဲ့ အသွင်ကူးပြောင်းရေး ပြန်လည် အာရုံစိုက်နိုင် ဖို့ ဒါမီဘာကို ဖယ်ရှားဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်” ဟု ထရာအိုရီ လက်မှတ် ရေးထိုးပေးထားသော စာသားကို အခြား စစ်အရာရှိတစ်ဦးက ရုပ်သံလိုင်းမှ ဖတ်ကြားခဲ့သည်။

“ဒါမီဘာရဲ့ လုပ်ဆောင်ချက်တွေက သူ့ရည်မှန်းချက်အတိုင်း ဖြစ်နေပြီး ကျနော်တို့လုပ်ရမယ့် ကိစ္စတွေကနေ တဖြည်းဖြည်း လမ်းကြောင်းပြောင်း၊ သွေဖီလာပြီလို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် ဒါမီဘာကို ဖယ်ရှားဖို့ ဒီကနေ့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အသွင်ကူးပြောင်းရေး ပဋိပညာဉ်ဥပဒေသစ်ကို ချမှတ်ရန်နှင့် အရပ်သား (သို့မဟုတ်) စစ်ဘက် သမ္မတတစ်ဦး ခန့်အပ်ရန် မကြာမီ ပြည်လုံးကျွတ် သက်ဆိုင်ရာ ပါဝင်သူများကို ဖိတ်ခေါ် ကမ်းလှမ်းသွားမည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: Reuters