CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ လမ်းလယ်ခေါင်တွင် အမျိုးသမီးတစ်ဦးအား တမူး-PDF အဖွဲ့မှ သတ်ဖြတ်ခဲ့မှု အပေါ် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)မှ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ် အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း PDF များ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

NUG က “အဆိုပါ ဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအရ လုံးဝ လက်သင့် မခံနိုင်သည့် ကိစ္စ ရပ် ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းစစ်ဆေး ဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်” ဟု ထုတ်ပြန်ခဲ့သည်။

 NUG ကိုတွေ့ရစဉ်

PDF များ အနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံ တွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာ ဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့် အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကိစ္စမျိုးကို ယခင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာပဲ ပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော်လည်း NUG အနေဖြင့် လက်တွေ့မှာ ထိထိရောက်ရောက် အရေးယူနိုင်သည့် အနေအထား မရှိသေးကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီလို ပြဿနာမျိုးတွေ မပြန့်ပွားအောင် လုပ်ဆောင်မယ့် သဘောကို ဖော်ပြတာပါဗျာ၊ တကယ်ကတော့ အဲဒီလို လုပ်ဖို့အတွက် NUG မှာလည်း ပြည့်စုံတဲ့ ယန္တရားတွေတော့ မရှိသေးပါဘူး။ သို့သော်ငြားလည်းပဲ ဒါမျိုးက အရေးမယူလို့လည်း မဖြစ်သေးဘူး။ ဒါတွေက PDF တွေအတွင်းမှာ ဒီအပေါ်ကနေပြီးတော့ စိတ်ဝမ်းကွဲမှု သဘော ထားအရ မကျေလည်မှုတွေ ဖြစ်လာတဲ့အခါ ဒါတွေကို လိုအပ်သလို အရေးယူမယ်လို့ ပြောသွားပါတယ်။ အဲဒီလို ကိစ္စမျိုးတွေ စစ်ကိုင်းတိုင်းမှာလည်း ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျနော်တို့ ထိထိရောက်ရောက် အရေး ယူနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်မှာ စစ်ဆေးရေးယန္တရားနဲ့ အဲဒီမှာ လုံခြုံစိတ်ချရ တဲ့ အကျဉ်းစခန်းနေရာ၊ ဘာညာ ဘာမှ မရှိပါဘူး။ ဆိုလိုတာက ဒီအလုပ်တွေကို NUG အနေနဲ့တော့ လက်မခံ နိုင် ဘူး။ ပြန့်ပွားလို့လည်း မဖြစ်ဘူး။ ဒါသင့်လျော် လျှောက်ပတ်တဲ့ အစီအစဉ်တစ်ခုနဲ့ ကိုင်တွယ် အ‌ရေးယူမယ်လို့ ကျနော်တော့ သဘောပေါက်ပါတယ်” ဟု ပြောသည်။

တမူးမြို့သို့ အ၀င်လမ်းကိုတွေ့ရစဉ်

စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ကျူးလွန်မှုများအား စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူမှုများကို NUG အနေဖြင့် လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း မည်ကဲ့သို့ အရေးယူထားသည်ကို အသေးစိတ် ပြောနိုင်ရန် ခက်ခဲကြောင်း ၎င်းက ပြောသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို မျှော်ရည်လျက် ယခုဖြစ်စဉ် ကဲ့သို့သော ကိစ္စရပ်မျိုး(တမူး ဖြစ်စဉ်)နိုင်ငံ၏ မည်သည့်နေရာတွင်မှ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။

တမူးမြို့၏ လမ်းလယ်ခေါင်တွင် အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်းနှင့် သတ်ဖြတ်ခြင်း သည် အမျိုးသမီးအခွင့်အရေးအပေါ် ခြိမ်းခြောက်နေခြင်းကို ပြသနေသည်ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ များက ပြောသည်။