CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

မိမိတို့၏ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်သည့် စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမည်ဟု ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)မှ ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောသည်။

တရုတ်အစိုးရနှင့် KIA ခေါင်းဆောင်များ ဖေဖော်ဝါရီ ၂ ရက်က တွေ့ဆုံသည့်အခါမှာ မိမိတို့ဘက်က ပြောကြားခဲ့ သည်ဟု ၎င်းက အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ကျင်းပသည့် (၆၅)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ အွန်လိုင်းမိန့်ခွန်းထဲမှာ ထည့်သွင်းပြောခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်သည် KIA ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်မြောက်ရေးကောင်စီ (KIC)မှာလည်း ဒုဥက္ကဌ-၁ အဖြစ် တာဝန်ယူထားသူဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “တရုတ်အစိုးရက တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောတယ်။ ကျနော်တို့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ရမှာ ဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ကျနော်တို့က ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကချင်ပြည်က တံခါးပေါက် လုံခြုံရေးတော့ သေချာပေါက် လုပ်ရမယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျနော်တို့ ပြောတယ်”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးကို တွေ့ရစဉ်

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာ့တပ်မတော် တွေ့ဆုံ ဆွေးနွေးမည်လား နေပြည်တော်ကို မေးမြန်းထားကြောင်း၊ KIA/KIO အနေဖြင့် တစ်ဦး-တစ်ဖွဲ့တည်း တွေ့ဆုံ ‌ဆွေးနွေးမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

KIA သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော် အာဏာရယူခဲ့ခြင်းနောက်ပိုင်း မြန်မာ့တပ်မတော် ဖြုတ်ချရေး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို စစ်ရေး-နိုင်ငံရေး အပါအဝင် လက်နက်ခဲယမ်းများ ကူညီထောက်ပံ့ပေးခဲ့သည်။

လက်ရှိတွင် KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ PDF များ၊ LPDF များနှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်လျက် ရှိသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ် 

KIA သည် ဒေသတွင်း လက်နက်ကိုင်များနှင့် တခြားသော EAO များကို လက်နက်ခဲယမ်း ထောက်ပံ့ကူညီပေး၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အင်းတော်မြို့၊ ပင်လည်ဘူးမြို့၊ ရွှေပြည်အေးမြို့တို့ကို ထိန်းချုပ်ထားသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်း၊ ထီးချိုင့်၊ ဝန်သို၊ ပုလဲ၊ ယင်းမာပင်၊ တကောင်း၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ တမူး၊ ကလေး၊ နာဂဒေသ၊ မုံရွာ၊ ချောင်းဦး၊ ရွှေဘိုတို့ကိုလည်း ထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ဖော် ဆောင်နေသည်။

KIA သည် စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ပါက မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့ကို စစ်ရေးအရ ဆက်လက် ဖိအားပေးရန် ပြင်ဆင်ထားသလို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် တို့ကို ချိတ်ဆက်၍ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကိုလည်း ကြိုးပမ်း လျက်ရှိသည်။