CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပါမှသာလျှင် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဆိုသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ရပ်တည်ချက်က နိုင်ငံရေးအရ ခေါ်ဈေးမြှင့်နေတာလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်နေကြသည်။
NUG နှင့် ဆွေးနွေးလိုလားဟု နေပြည်တော်သို့ မေးမြန်းထားကြောင်း၊ NUG ပါမှသာလျှင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း၊ KIA တစ်ဖွဲ့တည်းဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်မဟုတ်ကြောင်း KIA ၏ ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျရောက်သည့် (၆၅)နှစ်မြောက် ကချင်တော်လှန် ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
KIA သည် ဦးသိန်းစိန် လက်ထက်ကလည်း All Inclusive ဆိုပြီး ဒုက္ခပေးခဲ့ကြောင်း၊ ယခုလည်း NUG ပါမှ ရမည် ပြောပြီး ဒုက္ခပေးတာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ပထမတစ်ချက်ကတော့ တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေးအတွက်ကို အမြဲတမ်း ကမ်းလှမ်းနေပါ တယ်ဆိုတဲ့ ရပ်တည်ချက် ရှိနေတာပေါ့နော်။ ငြိမ်းချမ်းရေး ရပ်တည်ချက်ရှိတဲ့ အခါကျတော့ ဒါကတော့ သူ ဆွေးနွေးမှာပါ။ သူ(KIA)ကတော့ ဘာတောင်းဆို မလဲဆိုရင် ဒီဆွေးနွေးပွဲကို ငြိမ်းချမ်းရေးလို့ သူက ရုပ်ပြတော့ ကောင်းတာပေါ့နော်။ ရုပ်ပြ ငြိမ်းချမ်းရေး လိုလားပါတယ်ဆိုတာကို တရုတ်ကိုလည်း သူပြရမှာလေ။ ဒါကြောင့် သူက ငြိမ်းချမ်းရေးကိုဝော့ာ ပြောနေမှာ။ ဒါပေမယ့် လက်တွေ့ကျတော့ မဖြစ်နိုင်တာတွေ လျှောက်ပြောတော့မှာ။ ဟိုးအရင်တုန်းက All Inclusive ဆိုတာ သူလုပ်တာလေ ဦးသိန်းစိန် လက်ထက်တုန်းက။ သီးခြားစီ အဖွဲ့မခွဲပဲနဲ့ အကုန်လုံးပေါင်းပြီး လုပ်မယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးဆိုဝာာကို မဖြစ်အောင် လုပ်တာပေါ့နော်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို ရှည်ကြာပြီးတော့ အလုပ်မဖြစ်အောင် ဒါကို သူ ရည်ရွယ်တယ်လို့ ကျနော်တို့က အဲဒီလိုမြင် တယ်။ ဟိုးတုန်းက ဦးသိန်းစိန် လက်ထက်တုန်းကလဲ သူပဲ All Inclusive ဆိုပြီး သူဒုက္ခပေးတာပဲ။ အခုလဲ သူက NUG ပါရမယ်ပြောပြီး ဒုက္ခပေးပြန်တာပဲ။ အဲဒီထောင်ချောက်ထဲကို မဝင်မိဖို့လိုတာပေါ့။ ဆွေးနွေးမှုမရှိရင်တော့ ကျနော်တို့က တိုက်ပွဲဝင်ဖို့ပဲရှိတာပေါ့” ဟု ပြောသည်။

NUG နဲ့ ချင်းလက်နက်ကိုင်တွေကို လိုင်ဇာမှာ တွေ့ရစဉ်
KIA သည် ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် NCA ထိုးရန် ညှိနှိုင်းပြီးနောက် AA-TNLA-MNDAA တို့ မပါသည့်အတွက်ဆိုကာ လက်မှတ်မထိုးဘဲ ရပ်တည်ကာ UWSA ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)မှာ အဖွဲ့ဝင်အဖြစ် သွားရောက် ပူးပေါင်းခဲ့သည်။
မြန်မာ့တပ်မတော်နှင့် KIA ညှိနှိုင်းဆွေးနွေးမှု အခြေအနေများ ရှိလာခဲ့မည်ဆိုပါက KIA အနေဖြင့် တိုင်းရင်းသား များ၏ မိမိကံကြမ္မာ မိမိဖန်တီးခွင့် စသည့် အချက်များကို ဦးစားပေး တောင်းဆိုလာနိုင်ကြောင်း 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ရည်မှန်းချက် သူတို့ပေါ်လစီဆိုတော့လည်း ပြောရခက်တာပေါ့လေ။ ဘယ်လိုပြောပြော ကျနော်တို့ အမြင် အယူအဆနဲ့တော့ ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါကျရင် ဒါကလည်း ဒီကိစ္စကို ဟိုးအရင် ကတည်းက တောင်းဆိုခဲ့တဲ့အပိုင်း သူတို့လည်း တောင်းဆိုလာမယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အမျိုး သား မိမိကံကြမ္မာ မိမိဖန်တီးခွင့်၊ ပြည်ထောင်စု တည်ဆောက်ဖို့ရာလည်း အဖွဲ့အစည်းတိုင်း အမြဲတမ်း ပြောနေကြ တာဆိုတော့ ဒါကိုပဲ တောင်းဆိုမယ်လို့ အခြေခံကျကျ ယေဘူယျ ကျကျအနေနဲ့ ဒါကို တောင်းဆိုမယ်လို့ ထင်ပါ တယ်။ ပွင့်လင်းမြင်သာမှုရှိရမယ်၊ နားလည်မှုရှိရမယ်၊ အပြန်အလှန် လေးစားမှုရှိရမယ်။ ဒါလည်း အခြေခံ သဘော တရားမှာ ခုနက ပြောသလိုပေါ့ ခုနက မိမိကံကြမ္မာ မိမိဖန်တီးခွင့်နဲ့ပဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက်တော့ ဒါတောင်းဆိုမှာပါ။ တစ်ဖက်နဲ့ တစ်ဖက်ပေါ့နော် ကျနော်တို့ တိုင်းပြည်အတွက် ကျနော်တို့ ပြည်သူ အတွက် ရလဒ်ကောင်း ထွက်ဖို့ ဆိုရင်ဝော့ာ တစ်ဖက်နဲ့တစ်ဖက် အလျော့အတင်းပေါ့နော် အလျော့အတင်း လုပ် ရင်တော့ ဖြစ်လာနိုင်ဖို့ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက် လျှော့တင်းဖို့ အခြေအနေ မရှိဘူးဆိုရင်တော့ ဒီပုံစံနဲ့ မလွယ်ဘူးပေါ့ ကျနော်ထင်တာ။ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှု၊ ရှိမှပဲ လွယ်မယ် ပေါ့”ဟု ပြောသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းကို တွေ့ရစဉ်
လက်ရှိတွင် KIA သည် စစ်ကိုင်းတိုင်းဒေသကြီး၌ NUG-PDF အပါအဝင် တခြားသော လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေး၍ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ)စစ်ဆင်ရေးကို ဖော်ဆောင်၍ စစ်ကိုင်းတိုင်း တစ်ခုလုံး ထိန်းချုပ်ရေးနှင့် အနောက်မြောက်ဒေသတစ်လျှောက် ထိန်းချုပ်ရေး ကြိုးပမ်းနေသည်။
KIA သည် ၁၉၉၄ ခုနှစ်က တောင်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များ မဟာမိတ်ဖွဲ့ထားသည့်ကြားကနေ တပ်မတော်နှင့် တစ်ဖွဲ့တည်း သီးခြား ငြိမ်းချမ်းရေး ယူသွားခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ကို ၎င်း၏ ထိန်းချုပ်နယ်မြေကနေ ထွက်ခွာခိုင်းခဲ့သည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း အခင်းအကျင်းမှာ ပေါ်ပေါက်လာသည့် PDF-NUG များကို KIA က အသုံးချ၍ ယခင်သမိုင်းကြောင်းအတိုင်း အကောင်အထည်ဖော်သွားနိုင်သည်ကို သတိထားသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
