CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာမြို့မှာ ယခုရက်ပိုင်းအတွင်း နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများ ဆုံဆည်းကာ တွေ့ဆုံဆွေးနွေးကြခြင်းက စစ်ရေးနှင့်နိုင်ငံရေး မည်သို့ ဖြစ်တည် လာနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိနေကြသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ယောတပ်တော်၊ မြင်းခြံ PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော် လှန်ရေး အင်အားစုများ ဆုံဆည်း၍ KIA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

KIA ဌာနတွင် နွေဦးတော်လှန်ရေး အင်အားစုများ စုနေခြင်းက ၎င်းတို့အနေဖြင့် ဆုံးရှုံးလိုက်ရသည့် နယ်မြေများ အရေးကိစ္စနှင့် စုပေါင်း ဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးနိုင်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူထုက အရင်တုန်းကနဲ့ မတူတော့ဘူး။ ရွေးကောက်ပွဲ ကာလမှာတော့ သူတို့ ဒီစစ်ဆင်ရေးတွေ ဘာတွေ လုပ် ပြီးမှတော့ သူတို့ ဒီနည်းနည်းတော့ အနှောင့်ယှက်တော့ ပေးနိုင်တယ်လေ။ ဒါပေမယ့် ရွေးကောက်ပွဲ ပြီးသွား ရင်တော့  အဲဒီအချိန်မှာ ပြည်သူ့အစိုးရ၊ ရွေးကောက်ခံ အစိုးရ၊ ရွေးကောက်ခံ ကိုယ်စလှယ်တွေ တက်လာရင်တော့ သူတို့အနေနဲ့တော့ နည်းနည်းတော့ ကျနော်တို့ တပ်မတော်ဘက်က ထိုးစစ်တွေ အများကြီး ဆင်နေတာပေါ့။ သိမ်း ထားတဲ့ နယ်မြေတွေလည်း တချို့က လက်လွတ်ဆုံးရှုံးလာမယ့် အခြေအနေတွေ အများကြီးရှိတာကို အခုလည်း ဒါ ရှေ့လျှောက်ပြီးမှ သူက ဆုံရှုံးမယ့် အခြေအနေတွေ အများကြီးရှိတယ်လေ။ အဲဒါကြောင့် သူတို့က အခု အခြေ အနေ သိပ်မဟန်တော့လို့ ဒါ သူတို့စုပြီးမှ တိုင်ပင်နေတဲ့ သဘောရှိမှာပေါ့။ စစ်ဆင်ရေး နယ်မြေ အများကြီး ဆုံးရှုံး လာပြီလေ။ ရှင်းရှင်းပြောရင် ဗန်းမော်လည်း ဆုံးရှုံးသွားပြီး။ နောက် ဒီဘက်က ကျနော်တို့ တနိုင်းဘက်က အကုန် လုံး တော်တော်များများလည်း သူတို့ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ အများကြီး ဖြစ်လာတဲ့အခါကြတော့ နဂိုက ကိုယ့်ထီးကိုယ့်နန်း ကိုယ်တစ်ဦးတည်း တစ်ဖွဲ့တည်းနဲ့ လုပ်လို့ရတယ်ဆိုပြီးမှ လုပ်ကြတာကို အဲလို လုပ်လို့ မရဘူး လေ။ အခုမှပဲ သူတို့က ပူးပေါင်းပြီးမှ ပူးပေါင်းအင်အားနဲ့ လုပ်မယ်ဆိုပြီးမှ ဒါ သူတို့ ဆွေးနွေးတဲ့ အပိုင်းတော့ ရှိမှာ ပေါ့”ဟု ပြောသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ယောတပ်တော်အဖွဲ့ကို တွေ့ရစဉ်

KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင်နိုင်ရေးတို့ ကို ထောက်ပံ့ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင်လည်း ပူး ပေါင်း တိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။

KIA ဌာနတွင် နွေဦးတော်လှန်ရေး အင်အားစုများ စောစောစီးစီး ကြိုတင်စုစည်း နေခြင်းက ရွေးကောက်ပွဲကာလ အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုထက် အသက်ရှင် ရပ်တည်နိုင်ရေးအပေါ် ညှိနှိုင်းခြင်းမျိုးဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု လောလောဆယ်မှာတော့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ စစ်ရေး အခြေအနေအရ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက ပြန်ပြီးတော့ ကိုင်တွယ်ထားတဲ့ အချိန်မှာ စစ်ရေးပိုင်းဆိုင်ရာ နည်းနည်းတော့ တောက်လျှောက် ဖိဖိစီးစီး လုပ်လာတဲ့ နေရာတွေ အသာရတယ်။ တချို့မြိုတွေလည်း ပြန်ပြီးတော့ ထိန်းချုပ်နိုင်ပြီ။ သိမ်းပိုက်နိုင်ပြီ ဖြစ်သွားတဲ့ အခါကြတော့ ဒီလိုမျိုး စုဖွဲ့တယ်ဆိုတာဟာ နောက်ဆုံး သူတို့အတွက် နောက်ဆုံး ခုခံကာကွယ်ရေး အင်အားစုတွေ ခုခံကာကွယ်ရေးအတွက် တစ်ခုကြံစည်နေတာမျိုးများ ဖြစ်မလား၊ ရွေးကောက်ပွဲလည်း နီးလာတဲ့ ကာလမျိုးမှာ ရွေးကောက်ပွဲကို အနှောင့်အယှက်ပြုဖို့များ စဥ်းစားမလားပေါ့ ကျန်တဲ့အပိုင်းတွေက အများကြီး ဖြစ် နိုင်တာပေါ့လေ။ သူတို့ရဲ့ နေရာတွေ ဆိုးဆိုးဝါးဝါး ဖြစ်မသွားအောင်လို့ စုပေါင်းပြီး ကာကွယ်နေတဲ့ပုံစံမျိုး သဘော သက်ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲလုပ်ဖို့က နည်းနည်းလေး ကြားထဲမှာ အချိန်ကာလ ခြားနေသေးတာကို စောစောစီးစီး ကြိုစုနေတယ်ဆိုတာမျိုးက ရွေးကောက်ပွဲဆိုတာထက် လက်ရှိမှာ သူတို့ရဲ့ အသက်ရှင်လျက် ရပ်တည်ဖို့နဲ့ ဘယ်လို ဆက်သွားမလဲဆိုတဲ့ ပုံစံမျိုးနဲ့ အဓိက ညှိတာမျိုးလို့ သုံးသပ်ပါတယ်”ဟု ပြောသည်။

NUG နဲ့ ချင်းညီနောင်အဖွဲ့ကို တွေ့ရစဉ်

လက်ရှိ KIA ဌာနချုပ်တွင် AA၊ နာဂလက်နက်ကိုင် ENDA/ENNO၊ NUG၊ NUCC၊ CNF၊ ABSDF၊ PDF တို့ အခြေချ စုဖွဲ့လျက်ရှိကြောင်း နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က စီစဉ်လျက်ရှိသည်။

အဆိုပါ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရေး အခင်းအကျင်းကို တွက်ဆ၍ KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို ဆုံဆည်းစေကာ စစ်ရေးနှင့်နိုင်ငံရေးကို ပြင်ဆင်နေကြောင်း နီးစပ်သူများက ပြောသည်။

တခြား တစ်ဖက်မှာတော့ KIA သည် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ကမ်းလှမ်းမှုများရှိနေ သလို နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ရေး နေရာကို ညှိနှိုင်းနေကြကြောင်း နှစ်ဖက်အဖွဲ့အစည်းများဖြင့် နီးစပ်သူများ က ပြောသည်။