CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

ရှမ်းလူငယ် စိုင်းမောဝ်အွန်ကို TNLA ၏ အောက်ခြေတပ်သားများက ဖမ်းဆီးသွားသည့်အပေါ် ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA)မှ ဖြေရှင်းပြီး အတူယှဉ်တွဲရေးမူကို ဦးတည်သင့်ကြောင်း သျှမ်းပြည်သံဃာနှင့် ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်း ဆောင်ရွက်ရေးကော်မတီမှ စိုင်းခမ်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်သားအချင်းချင်း ပဋိပက္ခ ပိုမို မကြီးထားလာစေရန် ထိန်းသိမ်းသင့်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအတွင်း တိုက်ပွဲရှောင်များကို ကူညီဆောင်ရွက် ပေးနေသော စိုင်းမောဝ်အွန်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက TNLA က ဖမ်းဆီးသွားခဲ့သည်။
ယနေ့အချိန်ထိ စိုင်းမောဝ်အွန်မှာ အသက်ရှင် ရှိ/မရှိ မသိရသေးပေ။

TNLA ဖမ်းသွားသည့် စိုင်းမောဝ်အွန်ကို တွေ့ရစဉ်

စိုင်းခမ်းအောင်က “အဓိကတော့ ကျနော်တို့ ဘယ်လိုပြောမလဲ ရှမ်းပြည်သား အချင်းချင်းပဲ ရှမ်းပြည်သား အချင်းချင်းလည်းဆိုရင် အဲဒီလောက်အထိ ဖြစ်စရာအကြောင်း မရှိဘူးပေါ့၊ အတူတူ နေတယ်ဆိုတော့ လျှာနဲ့ သွားတောင်မှ ကိုက်မိတဲ့ အခြေအနေမှာ ရှိတယ်ဆိုရင်တော့ ကြီးကြီးမားမား မဖြစ်အောင်တော့ လူကြီးပိုင်းက ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ဖို့၊ လုပ်တတ်ဖို့ အရေးကြီးတာပေါ့ဗျာ၊ အဲဒါမှ အတူယှဉ်တွဲ နေထိုင်နိုင်မယ်ပေါ့၊ အဲဒီလိုပဲ မြင်တယ်ဗျ၊ ဒါကတော့ ကျနော်တို့ ဘယ်လိုပြောမလဲ ဆုံးဖြတ်တဲ့လူတွေ မဟုတ်ဘူးလေ၊ ဆုံးဖြတ်တဲ့ လူတွေ မဟုတ်တော့ ကိုယ်ကတော့ ဖြစ်စေချင်တဲ့ဟာကတော့ ညှိညှိနှိုင်းနှိုင်း အတူယှဉ်တွဲနေထိုင်တဲ့ အတူယှဉ်တွဲ နေထိုင်ရေးမူ ကတော့ အဓိက ရေးရှု့ပြီးတော့ ဆွေးနွေးတိုင်ပင် ပြီးတော့ ဖြေရှင်းသင့်တယ်လို့ သုံးသပ်ချင် တယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

စိုင်းမောဝ်အွန်ကို TNLA ဖမ်းဆီးသွားခြင်း ကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းနိုင်ရေး သွားရောက်ခဲ့သည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များကို TNLA က တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။

နှစ်ဖက်တိုက်ပွဲအတွင်း TNLA ဘက်က ၅ ဦးထက်မနည်းသေဆုံးကာ SSPP ဘက်က တစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် SSPP တပ်ဖွဲ့ ၂ ဦးကို စစ်သုံ့ပန်းအဖြစ် TNLA က ဖမ်းဆီးသွားပြီး ရွာလယ်ခေါင်တွင် သတ်ဖြတ်လိုက် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SSPP တပ်သားတွေက TNLA ကို ကန့်ကွက်နေစဉ်

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော SSPP နှင့် TNLA တို့မှ တာဝန်ရှိသူများထံ CNI က ဖုန်းဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရသေးပေ။

TNLA က ဖမ်းဆီးသွားသော စိုင်းမောဝ်အွန်အား ပြန်လည်လွတ်ပေးရန် ရှမ်းနိုင်ငံရေးပါတီနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ တောင်းဆိုလျက်ရှိနေသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ် ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မိမိတို့၏ ရည်မှန်းချက်ကို အလေးထား လုပ်ဆောင်စေလိုကြောင်း စိုင်းခမ်းအောင်က ပြောသည်။

၎င်းက “အဓိက ပဋိပက္ခဖြစ်တဲ့ အပိုင်းမှာတို့ ဘာတို့ဆိုရင်တော့ အဓိကတော့ ရှမ်းပြည်သားတွေရဲ့ ပြည်သူလူထု တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ညာပြီးတော့ ကျနော်တို့ အရေးကတော့ လှုပ်ရှားရမှာတော့ မှန်တယ်ဆိုပေမဲ့ လည်း အတတ်နိုင်ဆုံးကတော့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ပေါ့၊ အဲဒီလို အဖွဲ့ အစည်းတိုင်း လက်နက်ကိုင်တိုင်းမှာ တာဝန်ရှိတယ်၊ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကလည်း ပြည်သူရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်ဖို့ဆိုပြီး ဖွဲ့စည်းလာတာပဲ၊ ကိုယ့်ရဲ့ ဖွဲ့စည်းလာတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ကို အဓိက ရည်မှန်းပြီးတော့ အဲဒီလိုဟာမျိုး အလေးထားပြီးတော့ လုပ်သွားစေချင်တာပေါ့ဗျာ၊ အဓိကတော့ အတတ်နိုင်ဆုံး ပြည်သူလူထုရဲ့ ထိခိုက်မှုတွေ နည်းနိုင်သမျှ နည်းအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားစေချင်တယ်လို့တော့ ကျနော်ပြောချင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ဒေသတွင် SSPP နှင့် TNLA တို့ မဟာမိတ် အချင်းချင်းကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့နောက် နှစ်ဖက် ခေါင်းဆောင်အကြား တွေ့ဆုံကာ သဘောတူထားသည့် နိုင်ငံရေး/စစ်ရေး သဘောတူညီချက် များကို အပြန်အလှန် စောင့်ထိန်းကြပြီး ပြဿနာပေါ်ပေါက်လာပါက မဟာမိတ်အချင်းချင်း ညှိနှိုင်းဖြေရှင်းရန် ဆွေးနွေးခဲ့ကြသည်။