CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၂

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အထောက်ထားမဲ့ မြန်မာများထဲတွင် ပြည်တော်ပြန်အနေဖြင့် နေရပ်ပြန်ပို့ ပေးသင့်သူများအား ပြန်ပို့ပေးရန် ထိုင်းအစိုးရသို့ တင်ပြထားကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် မြန်မာများထဲတွင် ထိုင်းဘတ်ငွေပေးပါက နေရပ်ပြန်ပို့သည့် စာရင်းထဲသို့ ထည့်ပေးပြီး ပိုက်ဆံမတတ်နိုင်သည့် မြန်မာများအနေဖြင့် နေရပ်ပြန်ပို့မည်စာရင်းထဲတွင် မပါဝင်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ အချိန်ကာလအားဖြင့် ၆ လကျော် ကြာမြင့်နေသူများရှိကြောင်း သိရသည်။

FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “တချို့အလုပ်သမားတွေဆိုလို့ရှိရင် ၇ နှစ်၊ ၈ နှစ် ထောင်ထဲမှာလည်း နေပြီးပြီ။ ပြီးတော့ အဲဒီထောင်ကနေ ပြစ်ဒဏ်ကျခံပြီးတော့မှ သူတို့က ဗမာပြည်ကို ပြန်ပို့ရမယ့်အနေအထား။ အဲဒီအနေထားမှာကိုက အချုပ်ပေါ့နော်။ လ.ဝ.က တို့အချုပ်တွေထဲမှာ ၃/၄၊ ၅၊ ၆ လလောက် ဆက်နေရတာမျိုး တွေတွေ့ရတယ်။ ကျနော်တို့အနေနဲ့ကတော့ သူ့ရဲ့စီနီယာအတိုင်းပေါ့။ ဥပမာ ပြီးခဲ့တဲ့လကတည်းက ဖမ်းခံထိ ထားတယ်။ ဒါပေမယ့်အခုမှ ဖမ်းခံထိတဲ့သူတွေက အရင်သွားပို့ထားတဲ့ဟာမျိုးက စောနက ပြောတဲ့ ငွေကြေး လာဘ်လာဘ သုံးစွဲပြီးတော့မှ ဒါကတော့ သက်ဆိုင်ရာအာဏာပိုင်တွေအဆင့်ဆင့်က လုပ်နေကြတာပဲလေ။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့ဒီအခြေအနေလေးတွေ တင်ပြထားပေးနိုင်တဲ့ အနေထားရှိတယ်။ အဲဒီကိစ္စ တွေကတော့ အစိုးရချင်းဆောင်ရွက်မှ ပိုပြီးထိရောက်မယ့်လုပ်ငန်းတွေဖြစ်တယ်။ ကျနော်တို့ကတော့ ကျနော်တို့ မြင်ရတွေ့ရတဲ့ အချက်အလက်တွေကို စုစည်းပြီးတော့ အခုထိုင်းအစိုးရကို တင်ပြထားတာမျိုးရှိပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယင်းကဲ့သို့ ဖမ်းဆီးခံထားရသည့် မြန်မာဦးရေ ရှစ်ထောင်ကျော် ရှိကာ ဖမ်းဆီးခံထားရသူများထဲမှ နေရာပေါ်မူတည်ကာ ဘတ်ငွေ ၁၀၀၀ မှ ၄၀၀၀ ခန့် အထိပေးရပြီး ထိုသို့ပေးသူများ အား မြန်မာဘက်သို့ ပြန်ပို့မည့် စာရင်းထဲသို့ ထည့်ပေးကာ ပိုက်ဆံ မပေးသူများအား ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် အထောက်ထားမဲ့ မြန်မာများထဲတွင် တရားမဝင်လာရောက်သဖြင့် ဖမ်းဆီးခံရသူများ ရှိသကဲ့သို့ အခြားအမှုများဖြင့် ထောင်ဒဏ်ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူများလည်း ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံထားရသူများအတွက် စားဝတ်နေရေးနှင့်ပတ်သက်၍ ထိုင်းရောက် မြန်မာ အလုပ် သမားအရေး ဆောင်ရွက်နေသူများက ကူညီပေးပို့နေမှုများရှိသည်။

ဖမ်းဆီးခံထားရသည့် မြန်မာများအား နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ လူသားချင်းစာနာသည့် အဖွဲ့အစည်းများထံတွင်လည်း အလုပ်သမားအရေးဆောင်ရွက်နေသူများက အကူညီတောင်းခံထားကြောင်းလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အစိုးရဝန်ထမ်းတွေက သူတို့ကိုယ်တိုင် ငွေကြေးတိုက်ရိုက်လက်ခံတာတွေ အဲဒီလိုမလုပ်ဘူး။ သူတို့ကြားခံလူတွေ ထားတယ်။ ထားပြီး အဲ့ဒီလူတွေနဲ့ ဆက်သွယ်ပြီးတော့ အရွေးခံ၊ ဘယ်သူက ပိုက်ဆံပေးတယ်။ ပေးတဲ့သူပဲ ပြည်တော်ပြန် ပြန်ပို့မယ့်စာရင်းထဲမှာပါ။ ဒါပေမယ့် ထိုင်းနိုင်ငံနေရာအနှံ့မှာရှိတဲ့ မြန်မာပြည်သူတွေပေါ့ ရွှေ့ပြောင်းအလုပ်သမားတွေ အခုလို အထောက်ထားမဲ့ ဖမ်းခံရတဲ့သူတွေကို တစ်စုံတစ်ရာ ထိရောက်တဲ့ အကူအညီကို ဘယ်ဝန်ကြီးဌာနကမှ မပေးနိုင်ဘူး”ဟု ပြောသည်။

ယင်းသို့ဖမ်းဆီးထားရာတွင် လူ ၅၀ ခန့်သာ ဆန့်သည့် အချုပ်ခန်း၌ လူ ၈၀၊ ၁၀၀ ခန့်ထားထားပြီး ပြည်တော်ပြန် အဖြစ်ပို့ရာတွင် ယခင်က တစ်ပတ်နှစ်ကြိမ်ပို့မည့်အစား ယခုအခါတွင် တစ်လ တစ်ကြိမ်သာပို့တော့သည့်အတွက် အချုပ်ခန်းတွင် လူဦးရေ အများအပြားဖြစ်လာကြောင်း သိရသည်။

FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “အဓိကကတော့ နယ်စပ်တွေကို စောစောလျင်လျင် ပို့လို့ရှိရင်တော့ ဒီဘက်ကလည်း ပြန်ပို့ရတာ လူအဆင်ပြေမယ်။ အခုဆိုရင် အချုပ်တွေထဲမှာ ခါတိုင်း လူ လေး/ငါးဆယ်ပဲ ထားလို့ရတဲ့ အခန်းတွေမှာ အခုက လူ ၈၀၊ ၁၀၀ လောက်ထား နှစ်ဆလောက်ထားတဲ့ အထိရှိတယ်။ အဲဒီထဲမှာ ရေသုံးရတာတို့၊ ကျန်းမာရေးချို့တဲ့တာမျိုးတွေတော့ ခံနေရတယ်ဆိုတာမျိုးတွေ ကျနော်တို့ ကြားရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများ နေထိုင်သည့် အဆောင်များတွင် အမျိုးသမီးအဆောင်သည် ကျယ်ဝန်းသော်လည်း အမျိုးသားများ၏ အဆောင်မှာ ကျပ်ကျပ်တည်းတည်းဖြစ်နေကြောင်း၊ ၁၀ ပေပတ်လည် အချုပ်အခန်း ကျဉ်းကျဉ်းလေးတွင် လူ ၃၀၊ ၄၀ ခန့်ထားထားကြောင်း၊ အိပ်ရန် နေရာမရှိကြောင်း၊ ဖမ်းဆီးခံရသည့်ထဲတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။