CNI International News

ဝါရှင်တန်၊ မေလ ၁၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အာဆီယံအစည်းအဝေးကို လက်ခံ ကျင်းပခြင်းဖြင့် အင်ဒို-ပစိဖိတ်ဒေသနှင့် ယူကရိန်း အကျပ်အတည်းများအကြား တရုတ်၏ ရေရှည် စိန်ခေါ်လာမှုကို အာရုံစိုက်နေဆဲဖြစ်ကြောင်း ပြသရန် ရည်ရွယ်လျက်ရှိကြောင်း ရိုက်တာသတင်းအရ သိရသည်။

အာဆီယံ နှင့် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲကို အိမ်ဖြူတော်၌ မေလ ၁၂ ရက်နေ့တွင် ညစာစားပွဲနှင့်အတူ စတင် မည်ဖြစ်ပြီး နောက်တစ်ရက်၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးပွဲ ဆက်လက် ကျင်းပရန် စီစဉ်ထားသည်။

စစ်အေးခေတ်၏ အမှောင်မိုက်ဆုံး နေ့ရက်များကို ဖြတ်သန်းခဲ့ပြီးနောက် ယခုပထမဆုံး အကြိမ်အဖြစ် အာဆီယံ ခေါင်းဆောင်များ အိမ်ဖြူတော်တွင် စုဝေးမိကြခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်နီလန်းတွင် အာဆီယံ အစည်းအဝေးကို ဘားရက်အိုဘားမားက လက်ခံကျင်းပ ပေးခဲ့သည်။

ယခု အစည်းအဝေးသို့ အာဆီယံခေါင်းဆောင် ၈ ဦးထက်မနည်း တက်ရောက်ကြမည်ဟု မျှော်လင့်ထားသည်။ ယမန်နှစ်က တပ်မတော်မှ အရပ်သားအစိုးရကိုဖြုတ်ချ၍ အာဏာရယူခဲ့ခြင်းကြောင့် မြန်မာခေါင်းဆောင် နေရာကို အာဆီယံမှ ဖယ်ထုတ် ခံခဲ့ရသည်။

ထို့နောက် ဖိလစ်ပိုင်နိုင်ငံကလည်း ရွေးကောက်ပွဲ အပြီး အသွင်ကူးပြောင်းရေး လုပ်ဆောင်နေဆဲဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(AP)

တပ်မတော်၏ လူထုသဘောမတူသည့် အာဏာရယူခဲ့မှုအပေါ် မကျေနပ်မှုများ ထင်ဟပ်စေဖို့ ယခုထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် ထိုင်ခုံကို အလွတ်အတိုင်းထားရှိရန် အာဆီယံနှင့် ညှိနှိုင်းနေသည်ဟု အိမ်ဖြူတော်က ပြောသည်။

အာဆီယံ ခေါင်းဆောင်များသည် မေလ ၁၂ ရက်တွင် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒို၊ အမေရိကန် ကုန်သွယ် ရေး ကိုယ်စားလှယ် ကက်သရင်းတိုင်း တို့နှင့်အတူ အမေရိကန် စီးပွားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု အိမ်ဖြူတော် က သတင်းထောက်များကို အသိပေးခဲ့သည်။

ယခု ထိပ်သီး အစည်းအဝေးသည် ဘိုင်ဒန်၏ မေလ ၂၀ ရက်မှ ၂၄ ရက်အထိ တောင်ကိုရီးယားနှင့် ဂျပန်ခရီးစဉ် မတိုင်မီ လက်ခံ ကျင်းပပေးခြင်း ဖြစ်သည်။ ဘိုင်ဒန်သည် အဆိုပါခရီးစဉ်အတွင်း Quad နိုင်ငံများအုပ်စုဝင် ဖြစ်ကြသည့် ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ကို တွေ့ဆုံပြီး တရုတ်ဩဇာ ချဲ့ထွင်မှုကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့လုံးဆိုင်ရာ အမေရိကန်၏ စိုးရိမ်မှုများ ပြောကြားရန် ရည်ရွယ်ထားသည်။

ယခု ဆွေးနွေးမှုများ၌ တရုတ်၊ မြန်မာ၊ ထိုင်ဝမ်နှင့် ယူကရိန်းတို့အကြောင်း ထည့်သွင်း သွားရန်ရှိကြောင်း ဘိုင်ဒန် ပြောကြား သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Source: Reuters