CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၂

သျှမ်းပြည်အတွင်းရှိ လူမျိုးစုများ သဘောတူလက်ခံနိုင်သည့် သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြေခံရမည့် အခြေခံ မူနှင့် ဖက်ဒရယ်မူ ရရှိလာနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲကို မေလ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ကြကြောင်း သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ သျှမ်းပြည်ကို ကိုယ်စားပြုနိုင်သော နိုင်ငံရေး စုပေါင်း ဦးဆောင်မှု ဖွဲ့စည်းနိုင်ရန်၊ သျှမ်းပြည်အတွင်းရှိ လူမျိုးစုများ သဘောတူ လက်ခံသော အခြေခံမူနှင့် ဖက်ဒရယ်မူကို စုပေါင်း အကောင်အထည်ဖော်ရန် ဟူသော ရည်ရွည်ချက်ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို သျှမ်းပြည်တွင်းရှိ လူမျိုးစုများမှ တက်ရောက်သူများ အပါအဝင် သံဃာတော်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ၁၁၃ ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သျှမ်းပြည်ညီလာခံဖြစ်မြောက်ရေးကော်မတီထုတ်ပြန်ချက်

သျှမ်းပြည်ညီလာခံသည် ဘက်ပေါင်းစုံမှ အင်အားများ ပေါင်းစု ပါဝင်ခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ရန်၊ စည်းလုံးညီညွတ်မှု ဖော်ဆောင်ရန်နှင့် သျှမ်းပြည်တွင်း ပြဿနာများကို ဆွေးနွေး အဖြေရှာရန် ဆုံရပ်အဖြစ် သာမက သျှမ်းပြည် ကိုယ်စားပြု နိုင်ငံရေး စုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့အတွက်ကြောင့် ရှေ့ဆက် လုပ်ဆောင်သွားမည့် အဆင့်များတွင် ဘက်ပေါင်းစုံ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် သျှမ်း ပြည်ရှိ လူမျိုးစု ပေါင်းစုံ၊ အလွှာ အသီးသီး၊ အဖွဲ့အစည်းများကို ရှေ့ဆက်လာမည့် ဆွေးနွေးပွဲ အဆင့်များတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်းပြည်နယ်တွင် ရှမ်း၊ တအာင်း၊ ကချင်၊ တရုတ်၊ ဗမာ၊ ဝ၊ ကိုးကန့်၊ အာခါ၊ ဓနု၊ ပအိုဝ်း၊ လားဟူ အပါအဝင် တခြားသော တိုင်းရင်းသားလူမျိုးစုများလည်း နေထိုင်ကြကြောင်း သိရသည်။