CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ထိုင်းနိုင်ငံ၏ ဥပဒေများနှင့် မကိုက်ညီသည့်အတွက် ထိုင်းလူမျိုးများ၏ တိုင်ကြားခြင်းခံရမှုများကြောင့် မဲဆောက်ရှိ မြန်မာလူမျိုးပိုင် စားသောက်ဆိုင်အများစုသည် လက်ရှိတွင် ပြန်ပိတ်လိုက်ရကြောင်း ထိုင်းတွင် လက်ရှိနေထိုင်နေ သည့် မြန်မာလူမျိုးများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံထဲတွင် ပြီးခဲ့သည့် ၆ လခန့်မှ စတင်ကာ မဲဆောက်နှင့်ဘန်ကောက်မြို့အပါအဝင် နေရာအနှံ့အပြား၌ မြန်မာလူမျိုးပိုင် စားသောက်ဆိုင်များ အများအပြား ဖွင့်လှစ်လာကြကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူလည်းဖြစ်၊ မဲဆောက်တွင် နေထိုင်သူလည်းဖြစ်သည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“မဲဆောက်မှာဆိုရင် ပိုတောင်ဆိုးသေးတယ်။ မြန်မာပြည်ကြီးလိုပဲ ဖြစ်နေတာ။ စားသောက်ဆိုင်က ဘယ်မှာပဲ သွားသွား စားသောက်ဆိုင်၊ ကော်ဖီဆိုင် အဲဒီလိုတွေဖြစ်နေတာ။ အဲဒီတော့ မြန်မာတော်တော်များများက ပိုက်ဆံရှိရင် ဆိုင်ဖွင့်လို့ရတယ်။ အလုပ်သမားထားမယ်။ ငါတော့ ဘတ်ရှိတယ်ပေါ့ ရပ်ကွက်စကားနဲ့ပြောရင်။ ပတ်စပို့ရှိတာပေါ့ ငါကတော့ ဘယ်ပုလိပ်ကို အာမခံထားခိုင်းတယ်ဆိုတာ အဲဒီတော့ မရဘူး။ သူ့နိုင်ငံရဲ့ ဥပဒေကို တိတိကျကျ လိုက်နာနိုင်မှ ကိုယ်ပိုင် အလုပ်လုပ်ဖို့ဆိုတာဟာ ဖြစ်မယ်။ ဒါကို မြန်မာတွေက အသေးစိတ် မသိ တော့ အဲဒီလို အသေးအမွှားကိစ္စတွေကနေ အတိုင်ခံရပြီးတော့ ဆိုင်တွေတော်တော်များများ ပိတ်လိုက်ရတာ ဖြစ်တယ်။ မြန်မာကနည်းနည်းလေး စည်းကမ်းမရှိတာ တစ်ခုက တနေရာရာကို ခြေကုပ်ရပြီးတော့ ကိုယ်ပိုင် အလုပ်လုပ်ပြီဆိုရင် သူ့မင်းသူ့ချင်းပေါ့။ သူ့နိုင်ငံရဲ့ ဥပဒေကို မလေ့လာဘဲနဲ့ လုပ်ချင်သလိုလုပ်တယ်ပေါ့။ အဲဒါတစ်ပိုင်း။ နောက်တစ်ခုက သူတို့တွေက စားသောက်ဆိုင် ဆိုကတည်းက ဘီယာအရက်တွေ ရောင်းတယ်။ နာမည်ကြီး ဝိုင်တွေရောင်းမယ်။ အဲဒီနေရာမှာ လိုင်စင်တစ်ခုချင်း ကွာသွားပြန်ရော။ သေချာတိကျတဲ့ဥပဒေကို နားမလည်တဲ့အခါကျတော့ အဲဒီနေရာမှာလည်း ထိုင်းစားသောက်ဆိုင်တွေမှာ မရနိုင်တဲ့ ဝိုင်တွေ၊ ဘီယာတွေ မြန်မာစားသောက်ဆိုင်တွေမှာ ရတယ်” ဟု ၎င်းက ပြောသည်။

သတ်မှတ်ဈေးနှုန်းထားထက် ပို၍ ရောင်းချခြင်းများ ပြုလုပ်ကြသည့်အတွက်ကြောင့် ထိုင်းလူမျိုးများက အမြင် မကြည်လာကာ အာဏာပိုင်များသို့ တိုင်ကြားခြင်းများ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း ကိုသားကြီးက ဆက်ပြောသည်။

ထိုင်းနိုင်ငံရှိ ညဈေးတန်းတစ်ခုမြင်ကွင်း

ကိုသားကြီးက “နည်းနည်းပိုဆိုးတာက ထိုင်းနိုင်ငံထဲမှာ ဥပဒေအကြောင်းအရ စားသောက်ဆိုင်တွေမှာရောင်းတဲ့ ပစ္စည်းတစ်ခုက ready made အချိုရည်ဘူးတွေပဲဖြစ်ဖြစ် သတ်မှတ်ထားတာထက် ကျော်လွန်အောင် ရောင်းရင် ဖမ်းလို့ရတယ်ဆိုတာကို မြန်မာတိုင်းက မသိဘူး။ မသိတော့ တချို့သော အချိုရည်ဘူးတွေဆိုရင် ကျနော်တို့ ဥပမာ 7 ELEVEN မှာ ၁၅ ဘတ်လောက် ဝယ်လို့ရတဲ့ဟာတွေကို မြန်မာစားသောက်ဆိုင်တွေမှာ ၂၀ တို့ ၂၅ တို့ အဲဒီလို ဝယ်ရတာပေါ့။ အဲဒီလိုဝယ်ရပြီဆိုရင် ထိုင်းနိုင်ငံသား တစ်ယောက်က သူတိုင်လို့ရပြီ။ တရားဝင် သူတိုင်လို့ရပြီ။ သာမန်မျက်လုံးနဲ့ ကြည့်ရင် ဒီ ၅ ဘတ် တို့ ၁၀ လေး တိုးတာက ဘာမှမဟုတ်ဘူးဆိုပေမယ့် တိုင်လာတဲ့အခါကျရင် ပေက ရှည်သွားရော။ နံပါတ် ၁ က အခွန်လာစီးပြီ အခွန်စစ်ဆေးတယ်။ ပြီးမှ ဆိုင်ပိုင်ရှင်ရဲ့ အထောက်အထားတွေ ကို ကြည့်တာ။ ဒီဆိုင်ဟာ နိုင်ငံကို ဘယ်လောက် အခွန်ဆောင်ထားလဲ။ နောက် ဒီပစ္စည်းဘယ်ကဝယ်လဲပေါ့။ နောက် ဝင်ငွေ၊ ထွက်ငွေစာရင်းကို ဘယ်လိုပြလဲ ဘာလဲ။ အဲဒါတွေက ဇယားရှုပ်တယ်” ဟု ပြောသည်။

အလုပ်သမားခန့်ထားသည့်အခါတွင်လည်း ၎င်းတို့ ခေါ်ယူထားသည့် အလုပ်အကိုင်၊ ရာထူးနေရာအတိုင်းသာ ခိုင်းစေရခြင်းဖြစ်သော်လည်း အချို့ မြန်မာစားသောက်ဆိုင်များတွင် ထိုသတ်မှတ်ချက်စည်းကမ်းအတိုင်း လုပ်ဆောင်ခြင်း မရှိသည့်အတွက်ကြောင့် အတိုင်ခံရခြင်းနှင့် ထောက်လှမ်းခံရခြင်းများ ကြုံရကြောင်းလည်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် တည်ဆဲဥပဒေအရ အလုပ်သမား ဗီဇာ ကိုင်ဆောင်ထားသည့် လူပုဂ္ဂိုလ်များအနေဖြင့် စားသောက်ဆိုင်၊ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းအား ခွင့်မပြုထားကြောင်းလည်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

“တရားဝင် စီးပွားရေးဗီဇာနဲ့ ဖွင့်တဲ့ ဆိုင်တွေလောက်သာလျှင် အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ အာဏာပိုင်တွေရဲ့ နှောင့်ယှက်မှု ကင်းဝေးမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် အလျဉ်းသင့်လို့ လုံခြုံတယ် ထင်လို့ ဖွင့်လိုက်တဲ့ စားသောက်ဆိုင်တွေရယ်၊ နောက် အရောင်းအဝယ်ကုန်ပစ္စည်းဆိုင်တွေရယ် အားလုံးကတော့ သူတို့ရဲ့ဥပဒေနဲ့ ညှိစွန်းနေတဲ့အတွက်ကြောင့် အချိန်မရွေး ဖမ်းဆီးခြင်း၊ အရေးယူခြင်းကို ခံရနိုင်ပါတယ်။ အဲဒီ တော့ ကျနော့်အနေနဲ့ ပြောချင်တာကတော့ အလုပ်သမားဗီဇာနဲ့က လုံးဝ သူ့ဥပဒေမှာ ကန့်သတ်ထားတယ်။ လုံးဝ အရောင်းအဝယ် ပြုလုပ်ခြင်းမပြုရဆိုတာ ပါနေတယ်။ ဒါကြောင့်မို့လို့ အလုပ်သမားဗီဇာနဲ့ လုပ်တဲ့လူတွေအားလုံး ကတော့ ကျနော်တို့လည်း မြင်နေရတယ်။ ဖမ်းတာရှိတယ်။ တချို့လည်း နေရပ်ပြန်ပို့တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံထဲတွင် မြန်မာလူမျိုးများသည် ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်လှစ်ရာ၌ ထိုင်းနိုင်ငံသားတစ်ဦးကို အမည်ခံ၍ ဖွင့်လှစ်ကြခြင်းဖြစ်ပြီး ယခုကဲ့သို့ မြန်မာလူမျိုးပိုင် စားသောက်ဆိုင်များတွင် ပြဿနာများ ဖြစ်ပေါ် လာသည်မှာ အောက်တိုဘာလမှ စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်လှစ်ချင်သည့် မြန်မာများအနေဖြင့် ထိုင်းနိုင်ငံ၏ ချမှတ်ထားသည့် ဥပဒေများအား သေချာစွာလေ့လာပြီးမှသာ ဖွင့်လှစ်ကြရန်လည်း ၎င်းတို့က အကြံပြုသည်။