CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်း ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မကြာခင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်ကမ်း၌ ဆိုက်ကပ်မည့် နိုင်ငံတကာသင်္ဘောများ ဝင်ရောက်မှုနှင့် ထွက်ခွါမှုအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ပြည်တွင်း သင်္ဘောများလည်း ဝင်ရောက်ဖို့အတွက် လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်နေပြီ ဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ နောက်ဆုံးသိထားတဲ့ အခြေအနေကတော့ ကုလားတန်စီမံကိန်းရဲ့ စစ်တွေဆိပ်ကမ်းကတော့ သူတို့မှာ လက်ရှိ မြေတူးတဲ့ဟာတွေရော၊ အကုန်လုံး ပြီးစီးနေပြီ။ သူတို့ဘက်က အဆင်သင့်ဖြစ်တယ်လို့တော့ သိ ထားပါတယ်။ အဲဒီမှာ သူတို့ ဖွင့်လှစ်နိုင်အောင်အတွက် စာချုပ်စာတမ်းတွေ လုပ်နေတယ်။ လုပ်နေတဲ့ အချိန်မှာ တော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျနော်ကြားလိုက်တာကတော့ သူတို့ပြောတာက International Trade အတွက် International သင်္ဘောတွေ၊ ဝင်ရောက်မယ့် သင်္ဘောရယ်နဲ့ ထွက်ခွါမယ့် သင်္ဘောအတွက် သူတို့မှာ အကုန်လုံး Ready ဖြစ်သွားပါပြီဆိုပြီးတော့ သူတို့က ပြောပါတယ်။ ဆက်လက်ပြီးတော့ သူတို့က Domestic သင်္ဘောတွေပေါ့ ရန်ကုန်တို့ ဘာတို့ကနေလာတဲ့ သင်္ဘောတွေကို ဆိုက်ကပ်နိုင်အောင်အတွက် အဲဒီအတွက် လိုအပ်တဲ့ စာရွက် စာတန်းတွေတော့ သူတို့ လုပ်ဆောင်နေတယ်လို့တော့ ကျနော့်အနေနဲ့ သိထားပါတယ်ခင်ဗျ။ တော်တော်များများ အကုန်လုံး ပြီးစီးနေပြီ၊ International သင်္ဘောတောင်မှ ဆိုက်ရောက်ဖို့၊ ထွက်ခွါဖို့ အကုန်လုံး လုပ်သင့်လုပ်ထိုက် တဲ့ဟာတွေ အကုန်လုံး သူတို့ အဆင်သင့် ဖြစ်နေပါပြီလို့တော့ ကျနော်တို့ ကြားထားပါတယ်” ဟု ပြောသည်။

ပလက်ဝဆိပ်ကမ်းကိုတွေ့ရစဉ် 

ထို့နောက် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် အရည်အသွေးကောင်း ဆန်တန်ချိန် ၂၅၀၀ ကို လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဆန်းပိုင်းတွင် ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသစ်မှတဆင့် တင်ပို့မည် ဖြစ်သည်။
ထို့ကြောင့် စစ်တွေဆိပ်ကမ်းသစ်ကို ဇန်နဝါရီလတွင် ဖွင့်လှစ်လာနိုင်ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များက ခန့်မှန်းနေကြသည်။

ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေ ဆိပ်ကမ်း တိုးချဲ့ ဆောက်လုပ်ရေး၊ နိုင်ငံတကာသင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ်ကို တိုးချဲ့ တူးဖေါ်ရေးနှင့် ချင်းပြည်နယ် ပလက်ဝမြို့မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကားလမ်း ဖေါက်လုပ်ရေးများ ပါဝင်သည်။

အိန္ဒိယမှ ကုန်ပစ္စည်းများကို ကုလားတန်မြစ်ကို ဖြတ်ပြီး စစ်တွေမြို့ကနေတဆင့် ပလက်ဝသို့ ရေကြောင်းကနေ ပို့ဆောင်သွားမည်ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကိုတော့ ပလက်ဝကနေ မီဇိုရမ်အထိ ကား ဖြင့် တင်ပို့ရန် စီစဉ်ထားကြောင်း ကုန်သည်များက ပြောသည်။

ထို့နောက် စစ်တွေဆိပ်ကမ်းသစ်ကို ဖွင့်လှစ်နိုင်မည်ဆိုပါက မြန်မာနိုင်ငံရှိ ကုန်သည်များအတွက် အိန္ဒိယသို့ ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှု မြန်ဆန်လာမည်ဟု ရခိုင်ကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြော သည်။

ကုလာတန်းမြစ်အတွင်း ခရီးသွားလာနေကြသူများကိုတွေ့ရစဉ်

၎င်းက “တကယ်ဖြစ်ရင်တော့ စစ်တွေနဲ့ အိန္ဒိယနဲ့ ကာလကတ္တားပေါ့ အဓိကကတော့။ ကာလကတ္တားနဲ့ဆိုရင်တော့ ရခိုင်ကုန်သည်တွေ အတွက်ရော၊ မြန်မာနိုင်ငံ ကုန်သည်တွေ အတွက်ရော အများကြီး အကျိုးဖြစ်ထွန်းမယ့်ဟာ တွေ ရှိပါတယ်။ ဘာလို့လဲဆို ကျနော်တို့ အိန္ဒိယကို ရန်ကုန်ကနေ သွားမယ်ဆိုရင် အနည်းဆုံး တစ်ပတ်လောက် သွားနေရတယ်ပေါ့။ စစ်တွေနဲ့ဆို ၁ ရက် ၂ ရက်အတွင်း ရောက်တယ်ပေါ့။ ပစ္စည်းတွေ တင်ပို့မယ်ဆိုရင် မြန်မြန် ဆန်ဆန်ရောက်၊ ဈေးကွက်မှာ မြန်မြန်ဆန်ဆန် ဖြန့်ဖြူးရောင်းချနိုင်မယ်ပေါ့။ အဲဒီကနေပြီး ဆောက်လုပ်ရေး ပစ္စည်းတို့ ဘာတို့ အဲဒါတွေကို တင်သွင်းနိုင်ပြီးတော့ ကိုယ့်အတွက် အများကြီး သက်သာသွားမှာပေါ့။ အိန္ဒိယဆို တာလည်း ကမ္ဘာမှာ အင်အားကြီးနိုင်ငံ တစ်ခုဖြစ်နေတာလေ စီးပွားရေးရော ဘာရောဆိုတော့။ အဲဒါကို ဖွင့်ဖို့ မျှော်လင့်နေပါတယ်။ လောလောဆယ်က ဖွင့်မယ်ပြောလိုက်၊ ပြီးတော့ကျတော့ မဖြစ်ဘူး ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတာပေါ့” ဟု ပြောသည်။

စစ်တွေ ဆိပ်ကမ်း ဖွင့်လှစ်ပြီးနောက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရာ၌ သင်္ဘောလိုင်းတစ်ခု ထားရှိရန်အပြင် အပတ်စဉ် သို့မဟုတ် လစဉ် သင်္ဘောပြေးဆွဲနိုင်ရန်အတွက် ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်ထံမှ သိရသည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မှုများကို ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့သည်။
အဆိုပါ စီမံကိန်းကို အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။