CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အရည်အသွေးညံ့သည့် လူသုံးကုန်များနှင့် စားသောက်ကုန်များ ဝင်ရောက်နေခြင်းကြောင့် ထိုကုန်စည်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အထူး ကြပ်မတ်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များနှင့် လူထုကျန်းမာရေး ဆောင်ရွက်နေသူများမှ ပြောသည်။

အဆိုပါ အရည်အသွေးညံ့ ကုန်စည်များကြောင့် စားသုံးသူ ပြည်သူလူထု ထိခိုက် နစ်နာမှုများ ဖြစ်ပေါ် လျက်ရှိ သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏  FDA အနေဖြင့် အရည်အသွေးညံ့ ကုန်စည်နှင့် သက်တမ်းလွန် ကုန်စည်များကို စစ်ဆေးမှုများ လုပ်ဆောင်မှု အားနည်းနေကြောင်း၊ ကုမ္ပဏီများ မှတ်ပုံတင်ပေးသည့် လုပ်ငန်းကိုသာ လုပ်ကိုင် နေသည့်သဘော သက်ရောက်နေကြောင်း စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အရည်အသွေးမမီလို့ အစားသင့်သော အစားအစာများကို FDA ကြေညာ

၎င်းက “FDA ဆိုလို့ရှိရင် အစားအသောက်ရယ်၊ ဆေးဝါးရယ်ပေါ့ အဲဒါနဲ့ ပတ်သက်ပြီးတော့ လူကို အန္တရာယ်ရှိစေ တဲ့ ပစ္စည်းမျိုး မဝင်ရောက်အောင်၊ ဈေးကွက်ထဲ မရောက်အောင် သူတို့မှာ တာဝန်ရှိတာပေါ့လေ။ အခု ကုန်သွယ် ရေးထဲမှာရှိတယ် စီးပွားကူးသန်းမှာ Consumer production Department ပေါ့ စားသုံးသူရေးရာ ဦးစီးဌာန သူတို့ က လုပ်ရမှာ အဲဒီဟာ။ သူတို့ကျတော့ စားသုံးသူကို ထိခိုက်လာမယ့်ဟာမျိုး၊ ပစ္စည်းအရဖြစ်စေ၊ ကွာလတီ(အရည် အသွေး)အရ ဖြစ်စေ၊ နောက် အတုအပတွေကဖြစ်စေ အဲဒီဟာမျိုးကို သူတို့က သတင်းပို့တဲ့သူရှိလို့ရှိရင် အဲဒါကို action ယူပေးရမယ်။ ဒါမှမဟုတ် သူတို့ကိုယ်တိုင် လိုက်ပြီးတော့ စုံစမ်းနေရမယ်။ FDA ကလည်း အပေါ်ကနေ Pressure ရှိမှပဲ ရှိတယ်။ လုပ်ကြဟေ့ဆိုမှ လုပ်တယ်။ သူတို့အဓိက လုပ်တာက ဆေးဝါးကုမ္ပဏီတို့၊ နောက် အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတို့ သူတို့ကနေပြီးတော့ FDA ရဲ့ approve ရအောင် တင်တာ။ အဲဒါမျိုး ကိုပဲ သူတို့က ဦးစားပေး လုပ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံသို့ တင်ပို့သည့် ကုန်စည်များကို ၎င်းတို့၏ (ထိုင်း)ပြည် တွင်းတွင် အသုံးပြုသည့် ကုန်ပစ္စည်းများ၏ အရည်အသွေးထက် ၁၈ ရာခိုင်နှုန်း လျှော့ချထား၍ တင်ပို့လေ့ ရှိကြောင်း ထိုင်းနိုင်ငံတွင် အလှကုန်ပစ္စည်း ထုတ်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးထံမှ သိရသည်။

ထို့နောက် တရုတ်နိုင်ငံသည်လည်း ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများသို့ ၎င်းတို့(တရုတ်)နိုင်ငံမှ ထုတ်ကုန်များကို တင်ပို့ရာတွင် နိမ့်ကျသော အရည်အသွေးနှင့် ဈေးနှုန်းသက်သာစွာ တင်ပို့လေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အရည်အသွေးညံ့သည့် လူသုံးကုန်နှင့် စားသောက်ကုန်များ ဝင်ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)၏ စစ်ဆေးသည့် နေရာတွင် အားနည်းချက်များစွာ ရှိနေကြောင်း၊ ထို့ကြောင့် အရည် အသွေးညံ့သည့် ကုန်စည်များ မြန်မာနိုင်ငံအတွင်းသို့ ယခုထက်ထိ ဝင်ရောက်နေခြင်း ဖြစ်ကြောင်း  ထိုင်းနိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

 စားသောက်ကုန်များကို FDA က စစ်ဆေးနေစဉ်

၎င်းက “တရားဝင်ပို့တဲ့ ပစ္စည်းဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဝန်ထမ်းပိုင်းဆိုင်ရာတွေမှာ အထူးသဖြင့် FDA ပေါ့နော်။ FDA က တကယ် အဂတိကင်းတဲ့ ဝန်ထမ်းတွေက ရှိသင့်တာပေါ့။ နောက်တစ်ခုက Date လွန်တဲ့ ပစ္စည်းတစ်ခု ဥပမာ ဘေးဖြစ်စေတဲ့၊ ဆိုးကျိုးဖြစ်စေတဲ့ ပစ္စည်းတစ်ခုကို ကိုယ့်ပြည်တွင်းထဲကို ဝင်လာရင် အခွန်အခရတာ တစ်ခု ပဲ မဟုတ်ဘဲနဲ့ ဒီပစ္စည်းရဲ့ အရည်အသွေးကို စစ်ဆေးဖို့ အားနည်းချက်တွေ ရှိတယ်ပေါ့ ကျနော်တို့နိုင်ငံက။ ဒါက အစောကြီးကတည်းကလည်း ကျနော်တို့နိုင်ငံမှာ အဲလိုစစ်ဆေးတာတွေက အားနည်းတယ်။ ထိုင်းရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တော့ဗျာ ကုန်ကားတစ်စီး ဝင်ပြီဆိုလို့ရှိရင် ကုန်ရဲ့ အရေအတွက်နဲ့ အတိအကျ အခွန်ဆောင်တယ် ဆိုတာ လည်း မရှိဘူးလေနော့်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ နားလည်မှုနဲ့ ပေးလိုက်ပါဆိုတဲ့ စကားလုံး အသုံး အနှုန်းကို ကျနော်တို့နိုင်ငံက ကာစတန်တွေက နားလည်မှုနဲ့ပဲ ကားတစ်စီးကို ဘယ်လောက်ဆိုပြီးတော့မှ ပိုက်ဆံ ယူလိုက်တာပဲ ရှိတယ်လေနော့်။ တိတိကျကျနဲ့ အခွန်ဘယ်လောက် ဖြတ်တယ်ဆိုတာက နည်းပါတယ်။ မရှိဘူး မဟုတ်ဘူး ရှိတယ်။ သို့သော် နည်းပါတယ် အလွန်နည်းပါးပါတယ်။ ပြီးတော့ ဒီပစ္စည်းထဲမှာ စားသုံးသူအတွက် ဘယ်လိုအန္တရာယ်တွေ ဖြစ်စေနိုင်လဲဆိုတဲ့ အသိစိတ်က ဝန်ထမ်းတိုင်းမှာ မရှိဘူးလေနော့်။ ဈေးကွက်ထဲမှာ ချရောင်းတဲ့ အခါမှာလည်း FDA က စစ်ဆေးတဲ့နေရာမှာ အားနည်းချက်တွေ အများကြီးရှိတာပေါ့” ဟု ပြောသည်။

ထို့နောက် မြန်မာပြည်သူလူထု အများစုသည် တရုတ်နိုင်ငံမှ ဝင်ရောက်သည့် ကုန်စည်များသည် ထိုင်းနိုင်ငံမှ ဝင်ရောက်သော ကုန်စည်များထက် အရည်အသွေး ညံ့သည်ဟု သတ်မှတ်ထားခြင်းကြောင့်လည်း ထိုင်းနိုင်ငံက အရည်အသွေးညံ့သည့် ကုန်စည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်မှု ဖြစ်နေကြောင်း ကုန်သွယ်ရေး သမားများက  ပြောသည်။