CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပါက နေရပ်ပြန်ချင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အဆင်ပြေသကဲ့သို့ ထိုင်းနိုင်ငံတွင် အလုပ်ရှာချင်သည့် မြန်မာများအတွက်လည်း အဆင်ပြေကြောင်း ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ကြောင့် နေရပ်မပြန်ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တရားမဝင်လမ်းကြောင်းမှ နေရပ်ခိုး ပြန်ကြသည့်အခါ ကုန်ကျစရိတ်များပြားခြင်းနှင့် အဖမ်းခံရခြင်းများကြုံတွေ့ရသည့်အတွက် ယခုကဲ့သို့ တံတား ဖွင့်လှစ်ရန် လုပ်ဆောင်ခြင်းက ၎င်းတို့အတွက် ကောင်းမွန်ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူ များက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက “အဓိကက တံတားဖွင့်လိုက်ပြီ ဆိုရင် တော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာနိုင်ငံသား ၂ သန်းဝန်းကျင်လောက်က အိမ်ကို တကယ်ပြန်ချင်ကြတဲ့သူတွေ ရှိတယ်။ အနှစ်နှစ် အလလ အိမ်ကိုမပြန်ရတာ ကိုဗစ်စဝင်ကတည်းကသော်လည်းကောင်း၊ ကိုဗစ်မဝင်ခင် တစ်နှစ် နှစ်နှစ်ကတည်းကသော်လည်းကောင်း အဲဒီလိုလူတွေ အိမ်ကို မိခင်နိုင်ငံကို ပြန်ချင်နေကြတယ်ပေါ့။ တံတား ဖွင့်လိုက်ပြီဆိုရင်တော့ သူက နှစ်နိုင်ငံ MOU ထိုးထားတာရှိတယ်။ ကျနော်တို့နိုင်ငံထဲကိုလည်း ထိုင်းနိုင်ငံသားတွေ ဝင်တဲ့အခါ Border Pass လိုပဲ နယ်ခြားဖြတ်သန်းခွင့်လက်မှတ်တစ်ခု သူတို့ လုပ်ရတယ်။ လုပ်ပြီးတော့ မြဝတီထဲကို ဝင်တယ်။ သတ်မှတ်ထားတဲ့ ဧရိယာအထိ သွားလာတယ်။ ပြီးရင် သူတို့ ထိုင်းနိုင်ငံထဲကို ပြန်လာ တယ်။ ကျနော်တို့ နိုင်ငံသားတွေလည်း အလားတူပဲ။ Border Pass လုပ်ပြီး တော့ ထိုင်းနိုင်ငံထဲကို လာလို့ရမယ် လို့ မျှော်လင့်ပါတယ်။ Border Pass လုပ်လို့ရပြီဆိုရင်တော့ သူက လွတ်လွတ်လပ်လပ် လာလို့ရပြီဖြစ်တဲ့အတွက် မဲဆောက်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာပြီးတော့မှ အလုပ်လုပ်လို့ရမယ်၊ အလုပ်ရှာလို့ ရမယ်”ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတား

သို့သော် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးတွင် ပေါက်ကွဲမှုဖြစ်စဉ်များ မကြခဏဖြစ်ပေါ် နေကာ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ယူမှု တာဝန်ခံမှုမရှိသဖြင့် တံတားပြန်လည်ဖွင့်လှစ်၍ အသွား၊ အလာ ပြုလုပ်မည်ဆိုပါက မိမိ၏လုံခြုံရေးအား မိမိဘာသာ ဂရုစိုက်ရန်လည်း ကိုသားကြီးက အကြံပြုသည်။

အမှတ်(၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီး နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) ဖြင့် သွားလာခွင့်ပြုပါက ထိုင်းနိုင်ငံဘက်တွင် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုကာလ ကျော်လွန်နေထိုင်မည့် မြန်မာ(overstay)လည်း များပြားလာနိုင်ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်သည်။

ထိုသို့ ခွင့်ပြုကာလ ကျော်လွန်နေထိုင်သူများအတွက် ပြစ်ဒဏ်သည် အဖမ်းခံရပါက နေရပ်သို့ ပြန်ပို့ခြင်းသာ ရှိသဖြင့် ထိုပြစ်ဒဏ်သည် မြန်မာများအတွက် အကျိုးသက်ရောက်မှုမရှိသော်လည်း ထိုင်းနိုင်ငံထဲတွင် တရားမဝင် မြန်မာ အများအပြား စုပြုံသွားနိုင်ကြောင်း ၎င်းတို့က ပြောသည်။

ထို အမှတ်(၁) ချစ်ကြည်ရေးတံတားဖွင့်လှစ်လိုက်ပါက လူကုန်ကူးခံရမှုများ လျော့နည်းသွားနိုင်သော်လည်း တရားမဝင် ခိုးဝင်မှုများ ရပ်တန့်သွားမည်ဟု မထင်မိကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မဲဆောက်-မြဝတီ နယ်စပ်ဂိတ်ပေါက်


“ဘာကြောင့်လဲဆိုတော့ အခု တရားဝင်စနစ်နဲ့ MOU နဲ့ သွားလာလို့ရပါပြီဆိုတာတောင် ပြည်တွင်းမှာရှိတဲ့ ပြည်သူ ပြည်သားတွေ၊ အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်တဲ့ မောင်မယ်တွေကလည်း သိနေပြီးသားပဲ။ သို့သော် အဲဒါကြီး ရှိနေရဲ့သားနဲ့ တရားမဝင်လမ်းကြောင်းကို သွားနေတယ်ဆိုတာက ပုံမှန်လည်းရှိနေတာပဲလေ ဒီတရားမဝင် လမ်းကြောင်းက။ အဲဒီတော့ နယ်စပ်ဒေသတွေကို တရားဝင်လမ်းကြောင်း ပြန်ဖွင့်လိုက်လို့ လူတွေက နယ်စပ် ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်တဲ့လမ်းကြောင်းကတော့ လုံးဝရပ်တန့်သွားလိမ့်မယ် ဆိုတာတော့ မဖြစ်နိုင်ဘူး။ အဲဒါကတော့ ရှိကောင်းရှိနေဦးမှာ။ ဘာကြောင့်လဲဆိုတော့ တချို့ဆို MOUနဲ့ သွားရင် အချိန်တွေ အကြာကြီးစောင့်ရတယ်။ နောက် MOU ရဲ့ လုပ်ငန်းစဉ် process က အချိန်တအားပေးရတယ်။ နောက် အင်တာဗျူးတွေလုပ်တယ်၊ လူတွေ့စစ်ဆေးမယ်။ နောက် စာရွက်စာတမ်းတွေ နေပြည်တော်တင်မယ်။ ဘယ်သူက အဲဒီလောက်အချိန်အကြာကြီးမပေးနိုင်ဘူး။ ပွဲစားနဲ့သွားတဲ့လမ်းက ၁ ရက်၊ ၂ ရက်အတွင်း ရောက်နိုင်တယ်ဆိုတဲ့ အတွေးတွေကလည်း လူငယ်တွေကြားထဲမှာ အများကြီးရှိနေတယ်” ဟု ၎င်းက ပြောသည်။

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအား ပိတ်ထားသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ပြန်လည် ဖွင့်လှစ်မည်ဟု သတင်းများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့သော်လည်း ယနေ့အထိ ဖွင့်လှစ်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် အလုပ်သမားအရေးဆောင်ရွက်နေသူများအနေဖြင့် ထိုတံတားသည် ကုန်နှင့် လူအသွား၊ အလာအတွက် အရေးပါသည့် တံတားတစ်ခုဖြစ်သဖြင့် ယခုကဲ့သို့ နှစ်ကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်သည့်အပေါ် ကြိုဆိုပြီး အမှန်တကယ်လည်း ဖွင့်လှစ်စေချင်ကြောင်း ပြောသည်။