CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ကြက်သွန်နီ ဈေးနှုန်းများသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် တစ်ပိဿာ ၃၀၀၀ ကျပ်ရှိခဲ့သော်လည်း လက်ရှိတွင် ကြက်သွန်စိုက်ပျိုးရာ နယ်ဒေသအစုံမှ ကြက်သွန်အသစ်များ ထွက်ပေါ်လာပြီး ဈေးများ အဆမတန် ကျဆင်းနေ ခြင်းကြောင့် ယခုထက် ပို၍ ဈေးနှုန်းကျဆင်းမည်ဆိုပါက အရှုံးဖြင့် ရင်ဆိုင်ရနိုင်သည်ဟု ကြက်သွန်စိုက် တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကြက်သွန်နီ ဈေးနှုန်းများသည် တစ်ပိဿာ ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်သာ တောင်သူများ ရရှိနေပြီး တစ်ပိဿာ ၁၀၀၀ ကျပ်အောက် ရရှိနိုင်ကြောင်း ခန့်မှန်းနေကြသည်။

အဆိုပါ ဈေးနှုန်း ဖြစ်ပေါ်ပါက တောင်သူများအနေဖြင့် ထိခိုက်သွားနိုင်သည်ဟု မကွေးတိုင်းဒေသကြီးမှ ကြက်သွန် စိုက်တောင်သူ ဦးခင်မောင်ဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

ကြက်သွန်နီ ရောင်းနေစဉ် (GETTY IMAGES)

၎င်းက “ဈေးကတော့ ကျနေတာ။ အခု နုတ်ရောင်းမယ့် သူတောင် ဈေးကျလို့ ငြီးနေတာ။ ဈေးက ၁၅၀၀၊ ၁၆၀၀ လောက် ရှိတယ်လို့ပြောတယ်။ အခုက မရောင်းဘဲ နေပြန်ရင်လည်း ကုန်ချိန်တွေက လျော့ကုန်မှာ။ အခု ကြက် သွန်က တန်ခူးလမှပေါ်တဲ့ ကြက်သွန်လို အထားလည်း မခံဘူးလေ။ အဲဒါကြောင့် ကုန်ချိန်ကလည်း လျော့မှာ၊ ဈေးနှုန်းကလည်း ကဏန်း ၃ လုံးလောက်အထိ ကျမှာဆိုတော့ တောင်သူတွေက အထိနာ ပြန်တာပေါ့။ နောက် ဝယ်မယ့် မြေဩဇာ ဈေးတွေကလည်း ပီစူပါတစ်လုံးကို ၁၆/၁၇ လောက် ဝယ်နေရတာလေ။ တစ်သိန်းခြောက် သောင်း/ တစ်သိန်းခုနစ်သောင်း အဲလိုရှိတာ။ ၃ လုံးအထိ ရောက်ရင်တော့ တောင်သူကတော့ လုံးလုံး ရှုံးတော့မှာ ပေါ့။ အခုဈေးလောက် ဆိုရင်တောင်မှ မဆိုးဘူး ပြောရမှာပေါ့။ သူက ဥစိုက်ထားတာဆိုတော့ ပျိုးပင်စိုက်ရတာ ထက်စာရင် အရင်းလေး နည်းနည်း နည်းတယ်လေ” ဟု ပြောသည်။

ကြက်သွန်ဈေးနှုန်းများ ကျဆင်းနေခြင်းသည် ထိုင်းနိုင်ငံမှ ကြက်သွန်ဝယ်ယူမှု ရပ်ဆိုင်းနေခြင်းနှင့် ဗီယက်နမ် နိုင်ငံမှ ယခုထွက်ရှိနေသည့် ကြက်သွန်ကို ကြိုက်နှစ်သက်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။

ထို့အပြင် နယ်ဒေသအစုံမှ ကြက်သွန်များ ထွက်ရှိလာပြီး လှိုင်လှိုင်ပေါ်နေသည့် အချိန်ဖြစ်သည့် အတွက်ကြောင့် လည်းပါသည်ဟု ကြက်သွန်ကုန်သည်များနှင့် ကုန်စည်ဒိုင်များထံမှ သိရသည်။

ကြက်သွန် ဈေးနှုန်းများသည် တစ်ပိဿာ ၁၀၀၀ ကျပ်အောက်သို့ ရောက်ရှိမည်ကို တောင်သူများက စိုးရိမ်နေ ကြသည်။

ကြက်သွန်စိုက် တောင်သူများကိုတွေ့ရစဉ် (GETTY IMAGES)

ထို့နောက် အချိန်မတန်ဘဲ ကြက်သွန်များကို နုတ်ခြင်းများရှိနေကြောင်း၊ ထိုသို့ နုတ်ခြင်းက ဈေးနှုန်းကျဆင်း နိုင်သည့်အတွက် နုနေသည့် ကြက်သွန်များကို မနုတ်ကြရန် ပြောဆိုနေရကြောင်း ပခုက္ကူ ကုန်သည်ပွဲစားများ အသင်းမှ ကုန်သည် ဦးလှသောင်း က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နောက်ပိုင်း အဟောင်းဈေးက ၃၀၀၀ ကျော်တွေ၊ ၄၀၀၀ ကျော်တွေဆိုတော့ နောက်ပိုင်း ပြန်စိုက်တာတွေ ပေါ်အုံးမှာပဲ။ အခု မပေါ်သေးတဲ့ ကြက်သွန်တွေ ရှိသေးတယ် ဥစိုက်က။ အနုတွေ နုတ်လာကြမှာကို ကြောက်တာ။ အဲလို လူတွေက အနုတွေ နုတ်လာလို့ရှိရင် ဘယ်မှ သယ်မဖြစ်တာတို့၊ အဲဒါတွေက ဈေးကွက် ဆွဲချတာပေါ့။ အဲဒါ ကြောင့် တောင်သူတွေကို ပြောနေရတာ အနုတွေ မနုတ်ကြနဲ့။ ၁၀၀၀ အောက်တော့ မဆင်းနိုင်လောက်ဘူး။ အဲလို ပေါ့ ပွဲရုံတွေက ပြောကြရတာပေါ့” ဟု ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ကြက်သွန် ဈေးနှုန်းများသည် တောင်သူများ၊ ကုန်သည်များနှင့် စားသုံးသူ ပြည်သူများ အဆင်ပြေသည့် ဈေးတန်းတစ်ခု ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ဆိပ်ဖြူ၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ မြစ်သား တို့မှ ကြက်သွန်များသည် လက်ရှိတွင် အများဆုံးဖြစ်နေပြီး ထပ်မံထွက်ရှိလာမည့် ကြက်သွန်များလည်း များစွာရှိသေးကြောင်း သိရသည်။