CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတစ်သန်းကျော်အား တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပြုမည်ဖြစ်သော်လည်း ထိုထဲတွင် တရားမဝင်လုပ်သားများ မပါဝင်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ပြုမည့် လုပ်သားတစ်သန်းကျော်တို့မှာ ယာယီ အလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)၊ အပြာရောင် work permit စာအုပ်၊ MOU နှင့် CI (အထောက်အထားလက်မှတ်) စသည့် အထောက်အထားရှိသူများဖြစ်ကြောင်း သိရသည်။

သို့သော် တရားမဝင်လုပ်သားများအတွက် ယာယီအလုပ်သမားလက်မှတ် (ဘတ်-ပန်းရောင်ကတ်)များ ထပ်မံ ထုတ်ပေးမည်ဟု ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ အတည်မပြုသေးကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “တရားမဝင်တဲ့လူတွေအတွက်ကိုလည်း သူတို့မှာ plan ထားပြီးသား ပေါ့။ မှတ်ပုံတင်စာရင်းသွင်းပေးမယ်ဆိုပြီးတော့ ဇူလိုင် ၅ ရက်နေ့ကလားမသိဘူး ကြေညာလိုက်တယ်ထင်တယ်။ အခု ဒီ သက်တမ်းတိုးပေးတယ်ဆိုတဲ့ အုပ်စုတွေကျတော့ work permit ပေါ့နော်။အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တွေ တိုးတယ်ဆိုတာက တခြားမဟုတ်ဘူး။ ဒီမှာက အုပ်စုတွေက အများကြီးကွဲနေတာကိုး။ဝန်ကြီးတွေရဲ့ အစည်း အဝေးဆုံးဖြတ်ကနေ ထုတ်ပြန်တဲ့ အုပ်စုတွေပေါ့။ အဲဒီလိုမျိုး ကွဲနေတာ။ သူတို့ရဲ့ သက်တမ်းကုန်တဲ့အချိန်တွေက လည်း မတူဘူး။ အဲဒီတော့ ဒါကို သူတို့က တစ်ကြိမ်တည်း အတူဖြစ်အောင် လုပ်ချင်တယ်။ လုပ်ချင်တဲ့အတွက် ကြောင့်မို့လို့ အခုလိုမျိုး ၂၀၂၅ ကိုတော့ target ထားလိုက်ပြီးတော့ အဲဒီအချိန်မှာ အားလုံးအတူတူပေါ့နော် သက်တမ်းတွေ အကုန်လုံးညှိလို့ရအောင်လို့ သူတို့က အဲဒီလိုမျိုးလုပ်တာ”ဟု ပြောသည်။

တရားမဝင် လုပ်သားများအား ယခင်က ယာယီအလုပ်သမားလက်မှတ် ထုတ်ပေးသည့်အခါတွင် လူဦးရေ အပြည့် အဝ ပြီးစီးအောင်မထုတ်ပေးနိုင်ခဲ့ကြောင်း ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရေလုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး

“အထောက်ထားမဲ့တွေကို ထုတ်ပေးမယ်လို့ ကြေညာတိုင်း အလုပ်သမားလက်မှတ်တွေရမယ်ဆိုပြီးတော့မှ ခိုးဝင် လာကြတယ် အစုလိုက်အပြုံလိုက်။ ကယ်ရီတွေနဲ့ ခိုးဝင်လာတယ်။ သူတို့ ဒီဟာတွေကို ပိုက်ဆံနဲ့ပေးပြီးတော့မှ လူလိမ်ခံရတာပဲ အဖတ်တင်တယ်။ အခုအချိန်ထိ အထောက်အထားမဲ့တွေကို တစ်စုံတစ်ရာ အထောက်အထား ထုတ်ပေးနိုင်တာ မတွေ့ရသေးဘူး” ဟု ပြောသည်။

တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရာတွင် အုပ်စုနှစ်စု ခွဲထားကာ ပထမအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်အထိ နေထိုင်ခွင့်ရရှိထားသူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက် နေထိုင် ရန် သက်တမ်းမကုန်ခင် အလုပ်ပါမစ် လျှောက်လွှာတင်ရမည်ဖြစ်သည်။

ဒုတိယအုပ်စုသည် ၂၀၂၂ ဩဂုတ် ၁ ရက်နောက်ပိုင်းမှသာ သက်တမ်းကုန်မည့်သူများဖြစ်ပြီး ထိုသူများသည် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဆက်လက်လုပ်ကိုင်လိုပါက တစ်နှစ်တစ်ကြိမ်နှုန်းဖြင့် ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက် အထိ အလုပ်ပါမစ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းသိရသည်။

တရားဝင် ရွှေ့ပြောင်းလုပ်သား တစ်သန်း‌ကျော်အား ယခုကဲ့သို့ ၂၀၂၅ ခုနှစ်အထိ တရားဝင်နေထိုင်ခွင့်ပေးခြင်း သည် ကောင်းမွန်သော်လည်း အခမဲ့နေထိုင်ခွင့်ပေးခြင်းမဟုတ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။

“ဒါပေမယ့် အကျိုးဆက်နဲ့ ပတ်သက်တဲ့ဟာပေါ့။ ဘာပဲလုပ်လုပ် ဒီလိုမျိုး ဥပဒေထုတ်ပြန်လိုက်၊ ကုန်ကျစရိတ်နဲ့ ပတ်သက်တာတို့ လုပ်ရတဲ့ အခန်းကဏ္ဍတို့ကျတော့ အလုပ်သမားတွေအနေနဲ့ကတော့ ပြောရရင် ထုတ်ပြန် ကြေညာချက်အတိုင်းပေါ်မူတည်ပြီးတော့ အေဂျင်စီနဲ့ အလုပ်ရှင်တွေရဲ့ အလိုကျအတိုင်းပဲ လိုက်လုပ်၊ အကုန် အကျခံပြီး လုပ်ပေးနေရတဲ့သဘောရှိတယ်။ကောင်းတာကတော့ ထိုင်းကအခုလိုမျိုး အလုပ်သမားအင်အား လိုအပ်နေတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးတော့ တိုးတက်များလာတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရမှ လုပ်သားလိုအပ်ချက်ကြောင့် တရားဝင်နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ သက်တမ်းတိုးပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဦးမင်းဦးက ပြောသည်။