CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂

လက်ရှိတွင် စပါးဈေးနှုန်းများ ကောင်းမွန်နေသော်လည်း ဧရာဝတီတိုင်းအတွင်းရှိ စပါးစိုက်တောင်သူများနှင့် တခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တောင်သူများ ရရှိသည့် အကျိုးအမြတ်သည် ကွာခြားမှု ဖြစ်ပေါ် နေသည်ကို တွေ့ရှိရသည်။

ထိုသို့ အကျိုးအမြတ် ကွာခြားရခြင်းသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ဧရာဝတီတိုင်းဒေသကြီး သည် ပြည်ပတင်ပို့မှု ပြုလုပ်နေသည့် ရန်ကုန်ဆိပ်ကမ်းနှင့် နီးကပ်နေခြင်း၊ ပြည်ပတင်ပို့မည့် ကုန်သည်များက လာရောက်မှု များပြားခြင်းကြောင့် တခြားသော တိုင်းဒေသကြီများထက် ဈေးနှုန်းကွာခြားမှု ဖြစ်သွားခြင်းဖြစ် သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မွန်ပြည်နယ်တို့ ဘာတို့က သူ့ပြည်နယ်နဲ့သူ တစ်ခါတရံကျရင်တော့ အခုက နိုင်ငံတကာဈေးကွက်က တအားကောင်းနေတော့ ပြည်တွင်းမှာကျတော့ နိုင်ငံတကာ ဈေးကွက် မရှိရင် စပါးပေါ်ချိန်မှာ ၁၆ သိန်း၊ ၁၇ သိန်း ဆိုတာက ရုတ်တရက် ပြည်တွင်းတစ်ခုတည်းပေါ့လေ ဒေသတစ်ခုတည်းဆိုရင်တော့ ရုတ်တရက် အဲဒီလောက် ဈေး ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ အခုကတော့ ပြည်ပဆန်ဈေးကွက်ကိုက မတရားကောင်းတဲ့အတွက် ဒီဘက်မှာ တော့ ပြည်ပပို့တဲ့ Exporter တွေ၊ ဝယ်လက်တွေနဲ့ ကုန်သည်တွေနဲ့ နီးတဲ့နေရာတွေ ဖြစ်တဲ့အတွက် သူကတော့ မြန်မြန် တက်တာပေါ့။ မွန်ပြည်နယ်က ရန်ကုန်ကို လာပို့ရမယ်ဆိုတော့ ကြိတ်တာ၊ ခွဲတာ၊ သယ်ယူစရိတ် အဆင့် ဆင့် နဲ့ဆိုတော့ ဈေးနှုန်းကလည်း ကွာမှာပဲ။ အထွက်နှုန်းကတော့ လူပေါ်မှာပဲ မူတည်ပါတယ်။ နောက်ပြီးတော့ ဝယ်လက်ရှိတဲ့နေရာနဲ့ တောင်သူနေတဲ့ နေရာနဲ့က လမ်းပန်းဆက်သွယ်ရေး ဝေးလံတဲ့အတွက်၊ နောက်တခါကျ တော့ ကားကြီးတွေ ဝင်လို့မရဘဲနဲ့ ကွန်ဒေါင်းတွေနဲ့ စပါး ၁၀၀ ပါ၊ ၂၀၀ ပါ လောက်နဲ့ပဲ ဆွဲလို့ရတဲ့အတွက် စရိတ် က ပိုပြီးတော့ ဆီစားနှုန်းနဲ့လေ ပိုကြီးတဲ့အတွက်။ အခု အန်ကယ်တို့ဆီမှာတင် ဧရာဝတီမြစ် အရှေ့ဘက်က တောင်သူနဲ့ အနောက်ဘက်ကမ်းက တောင်သူနဲ့ စပါး ၁၀၀ ဥပမာ တစ်ဧကကို စပါး ၅၀ ထွက်တာချင်းအတူတူ၊ ၁၀၀ ထွက်တာချင်း အတူတူ စပါး ၁၀၀ ပေါ်မှာ ရတဲ့အကျိုးအမြတ်က ဘယ်လောက်ကွာသွားလဲဆိုတော့ ငွေ ၂ သိန်းနီးပါးလောက် ကွာသွားတယ်” ဟု ပြောသည်။

ဆန်အိတ်များ သယ်ယူနေစဉ်

လက်ရှိတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ပေးထားသည့် ဧည့်မထစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၁၂ သိန်းမှ ၁၅ သိန်း အခြေခံ ရည်ညွှန်းစပါးဈေးနည်းတူ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် စပါးစိုက်ပျိုးသည့် ဒေသများမှ တောင်သူများက ရရှိလျက်ရှိသည်။

သို့သော်လည်း ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် တစ်ဧကလျှင် ငွေကျပ် ၈ သိန်းမှ ၁၀ သိန်းခန့်အထိ ကုန်ကျနေကြောင်း၊ ထို့နောက် စပါးထွက်ရှိမှုသည် တစ်ဧက တွင် တင်း ၆၀ ခန့်သာ ထွက်ရှိနေခြင်းကြောင့် အကျိုးအမြတ် ရရှိမှုသည် အနည်းငယ်သာ ရှိသည်ဟု မွန်ပြည်နယ် မှ မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူများသည် ယခုနှစ်တွင် ရိတ်သိမ်းခြွေလှေ့စက် လိုအပ်ချက်များ ဖြစ်ပေါ်နေပြီး လူအားဖြင့် ရိတ်သိမ်းရမည်ဆိုပါက အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမား အသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စပါးကတော့ အောင်မြင်တယ်။ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်က ဘာလဲဆိုတော့ ရိတ်သိမ်းခြွေလှေ့စက် မရှိဘူး။ လူအင်အား သုံးမယ်ဆိုလို့ရှိရင် စရိတ်စက ကုန်တာတို့၊ လူမရှိတာနဲ့ တော်တော်ကို ဆိုးသွားပြီ အခြေ အနေ။ ဥပမာ စက်နဲ့ ရိတ်မယ်ဆိုလို့ရှိရင် တစ်ဧကကို ၁ သိန်း ထားပါတော့၊ လူနဲ့ရိတ်ရင် ၂ သိန်းနဲ့လည်း မရဘူး။ နောက်တစ်ချက်က အဲဒီကောက်လိုင်းကို ထမ်းဖို့ကိစ္စ၊ နယ်တဲ့ကိစ္စ၊ တော်တော်ကို ပြောင်းလဲသွားပြီ။ စပါးက အထွက်ကောင်းပေမယ့် တစ်ဖက်မှာ တက်တယ်ဆိုပေမယ့် သွင်းအားစုစရိတ် ထောင်းသွားမှာ။ အဲဒါဆိုရင် အမြတ် မရတော့ဘူး ရှုံးပြီပေါ့” ဟု ပြောသည်။

စပါးစိုက်တောင်သူများကိုတွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးတွင် ကန်ထရိုက် လယ်ယာစနစ် ရှိခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ရရှိခြင်းနှင့် အရည် အသွေးမြင့် မျိုးကောင်းမျိုးသန့် စပါးများကို စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းတို့ကြောင့် အထွက်နှုန်း ကောင်းမွန်လျက် ရှိသည်။

အလားတူ စက်ကိရိယာများဖြင့် စပါးစိုက်ပျိုးမှုများ ပြုလုပ်ကြခြင်းကြောင့်လည်း အထွက်နှုန်းသည် ပို၍ ကောင်းမွန်သည့်အတွက် တခြားသော တိုင်းဒေသကြီးများထက် ပို၍ အကျိုးအမြတ် ရရှိခြင်းဖြစ်သည်ဟု တောင်သူများက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စပါးစိုက်တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် စပါးများ ထုတ်လုပ်နိုင်ရန် အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။