CNI International News

ဂျကာတာ၊ နိုဝင်ဘာ ၂ 


အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ မြင့်တက်မှု၊ ကုန်ကျစားရိတ် မြင့်တက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားများ တည်ငြိမ်မှုမရှိသည့် အခြေအနေသည် အောက်တိုဘာလအတွင်း အာရှနိုင်ငံများ၏ ကုန်ထုတ်လုပ်ရေး လှုပ်ရှားမှုများကို နှေးကွေးစေခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အာရှဒေသတွင်းရှိ နိုင်ငံအများစုသည် ငွေကြေးဖောင်းပွမှု၊ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ မှာယူမှု လျော့ကျ ခြင်း အစရှိသည့် ဖိအားများကို ရင်ဆိုင်နေရသည်ဟု S&P Global နှင့် au Jibun ဘဏ်တို့က နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုန်ထုပ်လုပ်မှုဆိုင်ရာ အဝယ်တော် မန်နေဂျာများ၏ ညွှန်းကိန်းများ (PMIs) တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိက စက်မှုလုပ်ငန်း လှုပ်ရှားမှု စံနှုန်းမှာ မကြုံစဖူး လျော့ကျခဲ့သည်။ ထိုအခြေအနေသည် ကမ္ဘာ့ဒုတိယမြောက် စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံ၏ ကျိုးပျက်လွယ်သည့် စီးပွားရေး အခြေအနေကို မီးမောင်းထိုး ပြသရာရောက်ခဲ့သည်။

ဟားမာ့စ် - အစ္စရေး ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်နေကြစဉ်

ယခုထွက်ရှိလာသည့် အချက်အလက်များသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ပျက် ဖွယ် လက္ခဏာတစ်ရပ်ဖြစ်ပြီး အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် စီးပွားရေးနာလန်ပြန်ထူမှု အခြေအနေကို ခြိမ်းခြောက်ခဲ့သလို ဒေသတွင်း ပိုမိုကြီးမားကျယ်ပြန့်သည့် ပဋိပက္ခတစ်ခု ဖြစ်လာမည့် အရေးအတွက် စိုးရိမ်စိတ် များလည်း မြင့်တက်လာခဲ့သည်။

ကမ္ဘာ့ ကုန်ပစ္စည်းအများစုကို ထုတ်လုပ်သည့် အာရှတိုက်သည် ယခုနှစ်အတွင်း ကုန်ထုတ်လုပ်မှုကို အရှိန်မြှင့်တင် ရန် ရုန်းကန်နေရသည်။ 

ထို့ပြင် အမေရိကန်နှင့် ဥရောပ အပါအဝင် အဓိက နိုင်ငံတကာ ဈေးကွက်များထံမှ ဝယ်လိုအား ကျဆင်းမှု အခြေအနေကိုလည်း အာရှနိုင်ငံများ ရင်ဆိုင်နေရသည်။ 

PMI အချက်အလက်များတွင် အောက်တိုဘာလအတွင်း ဂျပန်နှင့် တောင်ကိုရီးယားတို့၏ စီးပွားရေး ကျုံ့ဝင်မှု အမှတ်သည် ၄၈ ဒသမ ၇ နှင့် ၄၉ ဒသမ ၈ မှတ်အဖြစ် အသီးသီး သတ်မှတ်ဖော်ပြထားပြီး စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့သည်။ 

ကားထုတ်တဲ့စက်ရုံကိုတွေ့ရစဉ်

PMI အချက်အလက်များတွင် အမှတ် ၅၀ နှင့်အထက်သည် စီးပွားရေး လှုပ်ရှားမှု မြင့်တက်သည့် အခြေအနေကို ညွှန်ပြခြင်းဖြစ်ပြီး အမှတ် ၅၀ အောက်သည် စီးပွားရေးကျုံ့ဝင်မှုကို ညွှန်ပြခြင်းဖြစ်သည်။

"မြင့််တက်နေတဲ့ ငွေကြေးဖောင်းပွနှုန်းဟာ ကုန်ကြမ်းပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို မြင့်တက်စေခဲ့ပါတယ်။ အထူး သဖြင့် ရေနံနဲ့ ဆက်နွှယ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက် လာခဲ့ပါတယ်" ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် အူစမာ ဘာတီ (Usamah Bhatti) က ပြောကြားခဲ့သည်။ 

ဒေသတွင်း စီးပွားရေး မောင်းနှင်အား တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံသည်လည်း ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက် နေသော အခြေအနေကို အနည်းနှင့်အများဆိုသလို ခံစားခဲ့ရသည်။

အောက်တိုဘာလအတွင်း အိန္ဒိယ၏ PMI အညွှန်းကိန်းသည် ၅၅ ဒသမ ၅ အောက်သို့ လျော့ကျခဲ့သည်။

ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ PMI များသည် ဆိုးရွားခဲ့ပြီး မလေးရှားနိုင်ငံ၏ PMI သည် အပြောင်းအလဲ မရှိပေ။

အင်ဒိုနီးရှား တစ်နိုင်ငံတည်းသာ အောက်တိုဘာလအတွင်း PMI အညွှန်းကိန်း မြင့်တက်ခဲ့သည်။

Source: ဘန်ကောက်ပို့စ်