CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်မှုများဖြစ်ပေါ်ကာ စက်သုံးဆီနှင့် တခြားသော အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံနှင့် နီးစပ်နေသည့် မူဆယ်၊ လောက်ကိုင် စသည့် မြို့များသည် တရုတ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်များကို ဝယ်ယူ၍ရသော်လည်း နယ်စပ်ဒေသနှင့် အလှမ်းဝေးသည့်အပြင် မြန်မာပြည်မမှ ကုန်စည် သယ်ဆောင်ရန် မလွယ်ကူသည့် ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ စသည့် ကြားဒေသများသည် နယ်စပ်ဒေသများထက် ပို၍ အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

ကွတ်ခိုင်မြို့တွင် လက်ရှိ၌ လျှပ်စစ်မီး ပြတ်တောက်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း၊ ထို့နောက် စက်သုံးဆီနှင့် တခြားသော ကုန်စည်များသည်လည်း ပြတ်တောက်နေသည်ဟု အမည်မဖော်လိုသည့် ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အကုန်အခက်အခဲ ဖြစ်တယ် ဒီမှာတော့လေ။ ဘာလို့ဆို ဘယ်မှ သွားလို့မရတော့ ပိုဆိုးတာပေါ့ ကျနော်တို့က။ မူဆယ်ဆိုရင်တော့ တရုတ်ပြည်ဘက်က ပြန်လုပ်လို့ရတယ်။ ကျနော်တို့က သိန္နီ၊ လားရှိုး ဒေသထွက်ကုန်ကိုပဲ အဓိက မှီထားနေရတော့ ကျနော်တို့ဘက်မှာတော့ အကုန်တက်တယ် ဈေးနှုန်းက။ နောက်ပြီးတော့ မြို့ပေါ်က ပိုပြီးတော့ အခက်အခဲ ဖြစ်တယ်။ အဓိက ကျနော်တို့မှာက သောက်သုံးရေက ပြတ်သလောက်တောင်မှ ဖြစ်သွားပြီ။ ဒီမှာ ကွတ်ခိုင်မှာက ဓာတ်အားပေးရုံကို မိုင်းခွဲလိုက်တဲ့အတွက် ကျနော်တို့ မီးမရဘူးပေါ့။ မီးမရလို့ စက်နှိုးတင်မယ်ဆိုတော့လည်း ဆီမရဘူး။ အဲဒီတော့ ကျနော်တို့ဆီမှာရှိတဲ့ တောင်ကျရေတွေကို ကျိုချက်ပြီး သောက်ရတာပေါ့ အဲဒီလို အနေအထားပေါ့။ ဟိုလို သောက်ရေသန့်တွေကတော့ ပြတ်သလောက်နီးပါး ဖြစ်သွားပြီ။ ကုန်ဈေးနှုန်းတွေကလည်း ဆီလည်း ပြတ်သွားပြီပေါ့နော် လောင်စာဆီလည်း။ လောလောဆယ် ရှေ့ဆက်သွားရင်လည်း အကုန်လုံး အခက်အခဲ ဖြစ်ကုန်မယ်၊ ဆန်ဆီ စားဝတ်နေရေးက တော်တော့်ကို ခက်သွား မယ့် အနေအထားဖြစ်နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ သားငါးဈေးတစ်နေရာ

ထို့ပြင် သိန္နီမြို့နှင့်ကွက်ခိုင်ကြားသည် ၁၆ မိုင်သာဝေးသော်လည်း လက်ရှိတွင် တိုက်ပွဲများနှင့် တံတားကျိုး၍ လမ်းပိတ်နေသဖြင့် လားရှိုးနှင့် သိန္နီမှထွက်ရှိသည့် ဆန်ကိုရရှိရန် မလွယ်ကူကြောင်း  ကွက်ခိုင်ဒေသခံများက ပြောသည်။
စစ်ရေးပဋိပက္ခ ဖြစ်ပွားနေမှုနှင့် ကုန်စည်စီးဆင်းမှုလမ်းကြောင်း ပိတ်ဆို့နေမှုများကြောင့် ကွတ်ခိုင်၊ မူဆယ်၊ သိန္နီ စသည့် မြို့နယ်များတွင် ယခင်က ကြက်ဥ အလုံး (၃၀) တစ်ကတ်လျှင် ၆၀၀၀ ကျပ်ခန့်သာ ရှိသော်လည်း လက်ရှိ တွင် ၁၈၀၀၀ ကျပ် ဖြစ်ပေါ်နေကြောင်း၊ ထို့နောက် ငွေကျပ် ၁ သိန်းကျော်ခန့်သာရှိသည့် ဆန်တစ်အိတ်သည် လည်း ၂ သိန်းကျပ်အထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ပြတ်လပ်ခြင်းနှင့် ကုန်စည်လှောင်ထားသူများမှ ဈေးကစားမှုများ မဖြစ်စေရန်အတွက် တရုတ်ပြည်မှတဆင့် အခြေခံ စားသောက်ကုန်များကို ဝယ်ယူ၍ မူဆယ်မြို့တွင် ပုံမှန်နှုန်းထားဖြင့် ပြန်လည် ရောင်းချရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း “ကမ်းလက်ကူညီ” ပရဟိတအသင်းမှ ကိုပြည့်က CNI သတင်း ဌာနသို့ ပြောသည်။

“ကုန်သွယ်မှုက ပြတ်တောက်သွားတယ်ဆိုတာတော့ ဂုတ်ထိပ်တံတားကို ကျော်လို့ရတယ်။ ရှမ်းတောင်ကနေ ပတ်ပြီးတော့ ကျနော်တို့ဘက်ကို လာလို့ရတယ်။ ဒါပေမယ့် လားရှိုးနဲ့ မူဆယ်ကြားမှာလည်း သိန္နီရေပူဂိတ်တွေက ပေးမဖြတ်သေးဘူးပေါ့နော်။ အဲဒီတော့ လာဖို့က အဆင်မပြေသေးဘူးပေါ့။ ကုန်တွေက အဝင်မရှိဘူး။ အထွက် လည်း မရှိဘူး။ လမ်းခရီးကတော့ လားရှိုးနဲ့ မူဆယ်ကြားမှာတော့ ဘလော့ ဖြစ်နေသေးတယ်ပေါ့။ ကုန်ဈေးနှုန်း ကတော့ မူဆယ်မှ မဟုတ်ဘူးပေါ့နော်။ ရှမ်းမြောက်တစ်ခုလုံးတော့ တက်နေတာပေါ့။ ဒါပေမယ့် မူဆယ်အပိုင်းနဲ့ ပြောမယ်ဆိုရင်တော့ မူဆယ်ကတော့ ကြက်ဥတစ်လုံးကို ၁ ထောင် ဝန်းကျင်အထိ ဖြစ်သွားတယ်။ ဒါကြောင့် ကျနော်တို့ကလည်း ကြက်ဥကို တရုတ်ပြည်ကနေ ယူတယ်၊ ရောင်းတယ်။ မရှိတဲ့သူတွေကို လက်ဆောင် ပေးတယ်၊ အလကားပေးတယ်ပေါ့။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ ကောလာဟလကြောင့် ပိုပြီးတော့ ဈေးတက်တယ်လို့ မြင်တာပါပဲ။ မနေ့က ကျနော်တို့ အလုံး ၃၆၀ ပါတဲ့ ကြက်ဥဖာ ၁၅ ဖာ ချရောင်းတယ် မကုန်ပါဘူး။ အခြေခံစားကုန်တွေကို တရုတ်ပြည်ထဲကနေ ယူပြီးတော့ မူဆယ်မှာ ရောင်းဖို့ လုပ်နေတာပေါ့နော်။ အခုတော့ သယ်နေတုန်း ရှိသေးတယ်။ ရောက်လာပြီဆိုရင် မူဆယ် နာရီစင်နားမှာ အများပြည်သူ ပုံမှန်ဈေးနှုန်း နီးပါးပေါ့ တရုတ်ပြည်ကနေ သယ်ရတဲ့အတွက် တချို့ပစ္စည်းတွေတော့ ကျနော်တို့ ပုံမှန်ထက် နည်းနည်းတော့ များရင်များမှာပေါ့နော်။ ကြက်ဥတစ်လုံးကို ကျနော်တို့ ဝယ်ယူဈေးက ၃၅၀ လောက်ပဲ ရှိတယ်။ ဒါမျိုးလေးတွေကို ချရောင်းဖို့ ကျနော်တို့ လုပ်ပေးနေပါတယ်။ မူဆယ်ဘက်ကနေတော့ ကုန်ဈေးနှုန်း ကျဆင်းဖို့ တစ်ထောင့်တနေရာ ကနေ ကြိုးစားပေးနေတာတော့ အောင်မြင်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် လမ်းကြောင်းပိတ်ဆို့ခြင်း၊ တံတားကျိုးပြတ်ခြင်းများ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ လက်နက်သံများလည်း ကြားနေရကြောင်း၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများသည်လည်း ပိတ်ထား ရကြောင်း ကွတ်ခိုင်မြို့ဒေသခံများက ပြောသည်။

ဒါ့အပြင် မူဆယ်- လားရှိုး ပြည်ထောင်စုလမ်းနှင့် လောက်ကိုင် - လားရှိုး ပြည်ထောင်စုလမ်းကို ဖြတ်သန်းသွားလာ ခွင့်မပြုရဟုလည်း MNDAA အဖွဲ့က တားမြစ်စာထုတ်ပြန်၍ ပိတ်ပင်ထားသည်။