CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ 

စက်သုံးဆီ အလုံအလောက်ရှိ၍ ပြတ်လပ်စရာမရှိသလို အချိန်မရွေး နေရာမရွေး ဝယ်ယူနိုင်ရန်လည်း စီမံထား ပြီး အကြိမ်ကြိမ်အခါခါ တန်းစီဝယ်ယူကာ တရားမဝင် သိုလှောင်ရောင်းချသူများကို တွေ့ပါက တိုင်ကြားနိုင် ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စက်သုံးဆီ အမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန် အချိန်ကုန် သက်သာစွာဖြင့် လိုအပ် သည့် မည်သည့်စက်သုံးဆီ အမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့် ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် စက်သုံးဆီ အရောင်းဆိုင်များတွင် အကြိမ်ကြိမ် တန်းစီဝယ်ယူကာ တဆင့်ပြန်လည် ရောင်းချမှုများ နှင့် တရားမဝင် သိုလှောင်ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများကို တွေ့ရှိပါက ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများသို့ သတင်းပို့ တိုင်ကြားနိုင်သည်။