CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅

နယ်စပ်ဂိတ်များတွင် လူအဝင်/အထွက်များအပေါ် ထိန်းချုပ်ခြင်းက တရားမဝင် ဈေးကွက်အတွက် ပိုမို အကျိုး ဖြစ်ထွန်းစေပြီး ၎င်းတို့၏ ဈေးနှုန်းများမှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပရဟိတအသင်းများက CNI သတင်းဌာနသို့ ပြောသည်။

လေကြောင်းဖြင့် ပြည်ပထွက်ခွာမှုအပေါ် ထိန်းချုပ်သည့်အပြင် နယ်စပ်ဂိတ်များမှတဆင့် ထွက်ခွာခွင့်များကိုပါ ထပ်မံ ထိန်းချုပ်မည်ဆိုပါက တရားမဝင် လမ်းကြောင်းဆီသို့ ပိုမိုရောက်ရှိသွားကြမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထိန်းချုပ်နေခြင်းက အဖြေမဟုတ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ ဘယ်လိုလုပ် အဖြေဖြစ်နိုင်မလဲ။ ဖြစ်တဲ့အခြေခံက သူတို့ရဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လိုအပ် နေလို့ အခုလိုတွေ ဖြစ်တာပေါ့။ အဲဒါတွေကို နည်းမှန်လမ်းမှန်နဲ့ မဖြေရှင်းဘဲနဲ့ ကိုယ့်ဘာသာကိုယ် စိတ်တိုင်းကျ စိတ်ထဲကရှိတဲ့ဟာမျိုး လက်ရှိနိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ဆက်နွယ်နေတဲ့ဟာတွေကို မစဉ်း စားဘဲ ရပ်ခိုင်း၊ ပြုခိုင်း နှုတ်အမိန့်တွေ အဲဒီလိုမျိုးတွေ လုပ်နေတဲ့အခါကြတော့ အကျိုးဆက်က ပြည်သူပြည်သား တွေ ခံစားရတာပေါ့ တရားမဝင်တဲ့ လမ်းကြောင်းကို တွန်းပို့သလို ဖြစ်တာပေါ့။ PJ တို့ PV တို့ ဒီလိုဟာမျိုးတွေနဲ့ ထွက်ဖို့ပြုဖို့အတွက်ကို OWIC တို့ စမတ်ကဒ်တို့ အဲဒါတွေနဲ့တဖြေးဖြေးချင်း ကြပ်လိုက်တယ်။ ကြပ်လိုက်တော့ ဒီ border pass လေးတစ်ခုပဲ ကျန်တယ်။ ဒါကိုပဲ ထပ်ပြီး ပိတ်မယ်ဆိုရင် ကျန်တဲ့ တရားဝင်တဲ့ နည်းလမ်းနဲ့ ထွက်ပေါက်တွေ အကုန်လုံးကို ပိတ်လိုက်တဲ့အခါကြတော့ လူတွေက တရားမဝင်တဲ့ နည်းလမ်းနဲ့ပဲ ထွက်တော့မှာ ပေါ့။ အနည်းဆုံး အခြေခံအားဖြင့်ဆို ပွဲစားခတွေက ၂ ဆ၊ ၃ ဆ တက်သွားမယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မြဝတီ-မဲဆောက်တွင် မြန်မာဘက်အခြမ်းမှ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ကိုင်ဆောင်ထားသူများ၊ MOU လုပ်သားများကိုသာ ဖြတ်သန်းခွင့်ပြုနေပြီး နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်ထားသူများအား ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံပရဟိတအသင်းထံမှ သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ပေါက်ကိုတွေ့ရစဉ်

ထို့အပြင် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားရောက်သည့် သူများအားလည်း အာမခံချက်တောင်းကြောင်း မြဝတီမြို့ရှိ အလင်းသစ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နယ်စပ်က ယာယီနယ်စပ်ဖြတ်သန်းခွင့် ၇ ရက် ပေးတဲ့ဟာတွေမှာတော့ ပုံမှန်ပဲ အဝင်/အထွက် လုပ်လို့ရ တယ်။ ပတ်စပို့ရှိတဲ့လူ အလည်ဗီဇာကို ပိတ်ထားတာ။ အခုက သူတို့က ကန့်သတ်လိုက်တာကို။ အကြောင်းတော့ ရှိမှာပေါ့လေ။ အာမခံချက်တော့ တောင်းတယ်။ ဥပမာ ကားနဲ့သွားမယ်ဆိုရင် ကားသမားက အာမခံပေးရတယ်။ ဗမာပြည်ထဲကို ပြန်ဝင်လာမယ်ဆိုတဲ့ အကြောင်းပေါ့။ ဗမာပြည်ထဲ ပြန်လာမယ်ဆိုတဲ့ အာမခံရှိမှ ပေးထွက်တယ် နယ်စပ်ကနေ။ သူတို့ဘက်ကလည်း လန့်တော့ တဆင့်အာမခံပေးတဲ့လူရှိမှ ဟိုဘက်ကမ်းကို တာဝန်ယူပြီး ပို့ပေး တာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွင် မြန်မာဘက်အခြမ်းမှာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကိုင်ဆောင်ထားသည့် အသက် ၁၈ မှ ၃၅ နှစ်အရွယ်အထိ အမျိုးသားများအား ထွက်ခွာခွင့် ပိတ်ပင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့နောက် ယခုအခါတွင် ပုံမှန်အတိုင်း ပြန်လည်သွားနိုင်ပြီဖြစ်ကြောင်းလည်း သတင်းများအား တွေ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်သော်လည်း ဆက်သွယ်၍ မရပေ။

ယခုကဲ့သို့ နယ်စပ်ဂိတ်များကိုပါ တင်းကြပ်နေခြင်းသည် စီးပွားရေး လုပ်ကိုင်သူများ၊ ကျန်းမာရေးအရ သွားရောက် ရမည့် လူနာများနှင့် အလုပ်သွားရောက် လုပ်ကိုင်မည့် သူများအတွက်လည်း ပိုမိုကြပ်တည်းစေကြောင်း ထောက်ပြကြသည်။