CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄

နိုင်ငံခြားငွေလိုအပ်ချက်များကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အခါမျိုးတွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများကို  ထုတ်ရောင်းပေးလေ့ရှိသော်လည်း ရေတိုအတွက်သာ ကုစားနိုင်ကြောင်း၊ ထိုသို့ ထုတ်ရောင်းပေးခြင်းကလည်း ဘယ်ကာလအထိ ထုတ်ရောင်းပေးနိုင်မှာလဲဟု စီးပွားရေးလုပ်ငန်းရှင်များက မေးခွန်းထုတ်နေကြသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဦးမော့လာရန်ထက် ပြန်လည်ကုစားရေးကိုသာ အဓိက ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်မည်ဟု ပြောဆိုထားသည့်အတွက် စီးပွားရေး ပြန်လည်ကုစားရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှ ပြည်သူများအား ချပြသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

“နိုင်ငံခြားငွေနဲ့ပတ်သက်လို့ အစိုးရက ရေတိုကုစားတဲ့ဟာတွေကို လျှော့ချသင့်ပြီ။ လက်ရှိ အခြေအနေက စီးပွားရေး ကောင်းမွန်တဲ့နိုင်ငံ မဟုတ်ပါဘဲနဲ့ အားလုံးက ရုန်းကန်လှုပ်ရှားပြီး လုပ်နေရတဲ့ အခြေအနေဖြစ်တာ ကြောင့် နိုင်ငံ့စီးပွားရေးက ပြန်လည်ကုစားနိုင်ဖို့အတွက်ကို ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရှိနေသေး တယ်။ ပြန်လည်ကုစားနိုင်ရေးအတွက် ဘယ်လိုမူဝါဒတွေနဲ့ ဒီအစိုးရက လျှောက်လှမ်းမှာလဲ။ ဒါမှမဟုတ် ရွေးကောက်ပွဲအလွန်မှာ တက်လာမယ့် အစိုးရတစ်ရပ်ကရော ဘယ်လိုမူဝါဒတွေနဲ့ နိုင်ငံ့စီးပွားရေးကို ကုစားမလဲ ပေါ့။ အဲဒါတွေကိုလည်း ပါတီကြီးတွေက ပြည်သူတွေကို ချပြဖို့လိုနေပြီ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ လည်း မဖြစ်မနေလုပ်မယ်လို့ ပြောထားတာဆိုတော့ ဘယ်လိုစီးပွားရေး ကုစားမယ်ဆိုတဲ့ အကြောင်းအရာတွေကို ပြည်သူတွေက ကြိုသိမှသာ သူတို့လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ရမယ်ပေါ့” ဟု ၎င်းက ပြောသည်။

ဒေါ်လာကို တွေ့ရစဉ်

နိုင်ငံတော်တွင် နိုင်ငံခြားအရန်ငွေ ရှိသည်ဆိုသော်လည်း ဗဟိုဘဏ်မှ သတ်မှတ် ပမာဏတစ်ခုအထိသာ ထုတ်ရောင်း ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေများမှသာ နိုင်ငံခြားငွေကို ရရှိမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သင့်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင် များက ထောက်ပြကြသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ မတည်ငြိမ်သည့် အနေအထားများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေ များရရှိရန်မှာ ခဲယဉ်းလှသော်လည်း အစိုးရအနေဖြင့် ထိုအပိုင်းအား ကိုင်တွယ်ဖြေရှင်းရန် မူဝါဒများ ရှိသင့်ပြီဟု လည်း ၎င်းတို့က အကြံပြုသည်။

ပြဿနာများအား တစ်ခုချင်း လိုက်လံစဉ်းစားပြီး ဆောင်ရွက်ချင်းသည် ရေတိုသာ ဖြေရှင်းနိုင်ပြီး အဓိက အကြောင်းအရာကို သေချာစဉ်းစား၍ ဆောင်ရွက်ရန် လိုကြောင်း၊ ယခုအတိုင်း ရေရှည်သာ ဆက်သွားနေမည် ဆိုပါက လုံးပါးပါးသွားမည်ဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

 ကုန်စိမ်းသည်တစ်ဦးကိုတွေ့ရစဉ်

၎င်းက “အဓိကကတော့ စီးပွားရေး ပတ်ဝန်းကျင်ကောင်းအောင် လုပ်စေချင်တာပေါ့။ အဓိက ဒါပဲ။ တချို့ကိစ္စတွေ က စီးပွားရေး ပတ်ဝန်းကျင်ကောင်းတယ်၊ နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းတယ်ဆိုရင် ရှင်းစရာမလိုဘူး သူ့ ဘာသာသူ automatic လိုက်ဖြေရှင်းပြီးသလို ဖြစ်သွားတာ။ အဓိကကတော့ main course ကို သေချာစဉ်းစားဖို့ လိုတာပေါ့။ အဲဒီလိုမှမဟုတ်ဘဲ တစ်ကွက်တစ်ကွက်နဲ့ စဉ်းစားနေတော့။ macroeconomy ဆိုတာ 1 area to another, 1 place to another ဆက်စပ်နေတာကို။ ဒီတစ်ခုထိရင် ကျန်တဲ့တစ်ခု ပတ်ထိတာပဲ။ main economic system ကြီးကို မစဉ်းစားနိုင်ဘဲ ကျန်တာတွေကတော့ ပြဿနာတွေက တစ်မျိုးမဟုတ် တစ်မျိုးလာနေမှာပဲလေ။ အဲဒီလိုနဲ့ပဲ ကျနော်တို့က နှစ်ပေါင်းတော်တော် ကြာခဲ့ကြပြီလေ။ ဒါက ခေါင်းအေးအေး နဲ့စဉ်းစားပြီးတော့ သေချာ ပြေလည်အောင် လုပ်ကြစေချင်တာပေါ့။ otherwise ကတော့ တဖြေးဖြေးနဲ့ လုံးပါးပါးသွားမှာပေါ့။ အဲဒါကြီးက စိုးရိမ်စရာကြီး။ ဒါကြီးတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေသကဲ့သို့ နိုင်ငံခြားငွေ လိုအပ်ချက်များလည်း ရှိနေသည့်အတွက် နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းသိမ်းရန် မူဝါဒချပြီး လုပ်ဆောင်နေရကြောင်း၊ စီပွားရေးကောင်းမှ နိုင်ငံရေး တည်ငြိမ် မှာဖြစ်သဖြင့် နိုင်ငံစီးပွားရေးကောင်းရန် နိုင်ငံသားများအားလုံးတွင် တာဝန်ရှိကြောင်း နစကဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်‌တွင် ရန်ကုန်၌ ပြုလုပ်ခဲ့သည့် အစည်းအ‌ဝေးမှာ ပြောကြားခဲ့သည်။