CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃

ထိုင်းနိုင်ငံရှိ လုပ်ငန်းအများစုသည် မြန်မာလုပ်သားများအပေါ် မှီခိုနေရသည့်အတွက် မြန်မာလုပ်သားများသည် မည်သည့် လုပ်ငန်းများကနေ ထိုင်းနိုင်ငံကို ဝင်ငွေရအောင် လုပ်ပေးနေလဲဆိုသည့်အပေါ် အားလုံးက လေ့လာ စောင့်ကြည့်လာကြသည်။

ထိုင်း၏ လုပ်ငန်းခွင်အများစုတွင် အခြားနိုင်ငံခြားသား လုပ်သားများထက် မြန်မာလုပ်သားဦးရေမှာ ပိုမိုများပြား ကြောင်း၊ အဓိက ဝင်‌ငွေရနေသော လုပ်ငန်းများဖြစ်သည့် ပြည်ပထုတ်ကုန်၊ ရေလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့တွင် မြန်မာလုပ်သားများမှ အဓိက လုပ်ပေးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များမှလည်း မြန်မာရွှေ့ပြောင်းများအပေါ် ဖမ်းဆီးစစ်ဆေးခြင်းဖြင့် ငွေညှစ်ခြင်း၊ အထောက်အထား ပြုလုပ်ရာတွင် ပွဲစားများဖြင့် ပေါင်းကြံခြင်းတို့ဖြင့်လည်း အကျိုးအမြတ် ရရှိနေကြကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းက ကွန်ဒိုအရောင်းပြခန်းကိုတွေ့ရစဉ်

၎င်းက “ထိုင်းအာဏာပိုင်တွေကတော့ ဒီတိုင်းရိုးရိုးလည်း ရနေတာပဲ။ အထောက်အထားတွေ လုပ်တယ်ဆိုရင် အလုပ်သမားတွေ အကုန်လုံးက ပွဲစားကို အားကိုးရတာလေ။ အနည်းဆုံးသော ၈၀ ကျော်လောက် အလုပ်သမား တွေက ပွဲစားပဲအားကိုးကြတာ။ ဘာလို့လဲဆိုတော့ အထောက်အထား စာရွက်စာတမ်းတွေ ကိစ္စအားလုံးကို သူတို့ ဘယ်လိုမှ လုပ်လို့မရဘူးလေ။ ပွဲစားတွေနဲ့ အပ်လိုက်တယ်ဆိုရင်တော့ ဒီကိစ္စကို သူတို့နားလည်စရာ မလိုဘူးပေါ့ လေ။ အဲဒီဟာတွေကြောင့် ပွဲစားတွေရယ်၊ အစိုးရဌာနရယ်ပေါင်းပြီးတော့ လုပ်စားနေတဲ့ သဘောပေါ့။ အဲဒီလို လုပ်စားတယ်ဆိုတော့ one stop service တွေဘာတွေ ဘယ်လိုပဲ လုပ်တယ်ပြောပြော အစိုးရဌာနဆိုင်ရာတွေက မပါလို့မရဘူး။ အဲဒီတော့ သူတို့ကို ပွဲစားတွေကနေ လမ်းကြောင်းကြေးက လုပ်ထားပေးပြီးသား။ အဲဒီတော့ အကျိုး အမြတ်က အာဏာပိုင်တွေမှာ အနည်းနဲ့အများ ရနေတာပဲ” ဟု ပြောသည်။

ထို့အပြင် ယခုနောက်ပိုင်းတွင် ငွေကြေးချမ်းသာသည့် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုများ၊ ဗီဇာဝယ်ယူမှု များအပြင် အခြားသော services များကြောင့်လည်း ထိုင်းအာဏာပိုင်များမှာ ဝင်ငွေများ ရရှိနေကြသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအာဏာပိုင်များမှ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊ သေဆုံး/ဒဏ်ရာ ရရှိသည့် ကိစ္စများ၊ ပင်စင်များအတွက် ပြန်လည်ပေးအပ်မှုများရှိသော်လည်း နည်းပါးလှကြောင်း၊ အမှန်တကယ် လုပ်ငန်းခွင်များတွင် လုပ်သားတစ်ဦး၏ အကျိုးခံစားခွင့်အား အပြည့်အဝ မရရှိကြကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ‌ဆောင်ရွက်ပေးနေသူများက ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

နိုင်ငံ၏စီးပွားရေးအတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရန် လုပ်ကိုင်ပေးနေကြသည့် လုပ်သားများအပေါ် တစ်စုံတစ်ရာ ပြန်လည်လုပ်ဆောင်ပေးခြင်းမျိုးမရှိဘဲ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန်သာ လုပ်ဆောင်နေကြ ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီအပိုင်းမှာကတော့ အားနည်းပါတယ်။ ဘာလို့ဆို ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့လုပ် အား အရင်းအမြစ်ကို အားပြုပြီးမှ သူတို့ရဲ့ ကုန်ထုတ်လုပ်မှုတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာကို ရောင်းချဖို့၊ အမြတ်အစွန်းတွေ အများကြီးရရှိဖို့ ဒါကို အဓိကကြည့်တာဖြစ်ပြီးမှ ကျန်တဲ့အစိတ်အပိုင်းကတော့ ဒီနိုင်ငံသား အလုပ်သမားတွေအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုဝန်ဆောင်မှု ပေးလိုက်မယ်ဆိုတာ ထည့်သွင်း စဉ်းစားလာတာမျိုး မတွေ့ရပါဘူး။ ပြီးရင် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် လက်မှတ်တွေ ပြုလုပ်ပေးတာ၊ အခါအား လျော်စွာ အလုပ်သမားတွေကို အသစ်တွေ ထပ်ရောက်လာတယ်ဆိုရင် နေထိုင်ခွင့်တွေ ပြုလုပ်ပေးတာကလည်း အခကြေးငွေယူပြီး ဝန်ဆောင်မှုပေးတာ ဖြစ်တဲ့အတွက်ကြောင့် သီးသန့်ကြီး လုပ်သားတွေကို အကျိုးပြုအောင် လုပ်ပေးတာမျိုး မတွေ့ရပါဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းများအတွက် လူသစ်ဘတ်ရိုက် ပေးမည်ဟု ထိုင်းအာဏာပိုင် များမှ ထုတ်ပြန် ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တိတိကျကျ ထွက်ပေါ်လာခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် လက်ရှိ၌ ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် တရားမဝင် အထောက်အထားမဲ့များကို ဖမ်းဆီးနေပြီး မြန်မာ ရွှေ့ပြောင်း တစ်သိန်းကျော် ဖမ်းဆီးခံထားရကြောင်းလည်း သိရသည်။