CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆

ထိုင်းတွင် ဇူလိုင်လကုန်၌ အမည်စာရင်းတင်သွင်းထားပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ် ရှင်နှင့် လုပ်ငန်းခွင် တရားဝင် ပြောင်းရွှေ့ခွင့်မရှိသေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ၎င်းအမည်စာရင်းတင်သွင်းထားပြီးသူများအား စက်တင်ဘာလကုန်အထိ တရားဝင် နေထိုင် အလုပ် လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး လူသစ် ဘတ်မရိုက်ပေးခင်အထိ အလုပ်ရှင်နှင့် လုပ်ငန်းခွင် ပြောင်းပိုင်ခွင့်မရှိ ကြောင်းသိရသည်။

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “ဥပဒေအရဆိုရင် အခုလက်ရှိ သူလုပ်နေ တဲ့ လုပ်ငန်းရှင်နဲ့ အလုပ်လုပ်ပိုင်ခွင့်ပေးထားတယ်။

အလုပ်လုပ်လို့ ရတယ်။ ဒါပေမယ့် သူက သတ်မှတ်ထားတဲ့ နယ်မြေကို ကျော်လို့မရဘူး။ နာမည်စာရင်းတင်ထားတဲ့ လူအုပ်စုအနေနဲ့ အဓိကစဉ်းစားရဖို့ဟာက အခု နာမည် စာရင်းတင်ထားတဲ့လူကို ထိုင်းနိုင်ငံအစိုးရကနေ လက်ရှိအစိုးရကနေပြီးတော့ ၉ လပိုင်းအထိ အလိုအလျောက် သက်တမ်းတိုးပေးထားတယ်။ အဲဒါတစ်ချက်။

နောက်တစ်ချက်ကကြတော့ ဒီအုပ်စုတွေအနေနဲ့ အခုလက်ရှိ အခြေ အနေမှာ ကိုယ်သတ်မှတ်ထားတဲ့နယ်မြေကနေ တခြားနယ်မြေတွေကို သွားလာလို့မရဘူး။

နောက်တစ်ခုက ကြတော့ ကိုယ့်မှာ စာရွက်စာတမ်းတွေ ဘယ်လောက်ပဲ ရှိနေပါစေ ဒါပေမယ့် ဒီသူဋ္ဌေးကနေ နောက်သူဋ္ဌေး တစ်ယောက်ကို သူမသွားရသေးဘူး။ ဘာဖြစ်လို့ ဒီဟာတွေကို လုပ်ထားလဲဆိုရင် သူ့မှာ လုပ်ဆောင်ရမယ့် လုပ် ဆောင်ချက်အဆင့်တွေဆီကို မသွားရသေးတဲ့အတွက်ကြောင့် ဒီလိုလုပ်ငန်းစဉ်တွေကို မလုပ်ရသေးတာ။ ဒါ ဥပဒေ လမ်းကြောင်းက ပြောပြတာ။ ဘာဖြစ်လို့ဆိုလို့ရှိရင် သူဋ္ဌေးမတူဘူးလေ။ အလုပ်သမားမှာလည်း အပြစ်ရှိတယ်။ လုပ်ငန်းရှင်မှာလည်း အပြစ်ရှိတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ နယ်စပ်ရှိ အလုပ်သမားကတ်ပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ 

သို့သော် ထိုသို့ အလုပ်ရှင်နှင့် လုပ်ငန်းခွင် ပြောင်းလဲလုပ်ကိုင်ရာတွင် ဒေသအပေါ်မူတည်ကာ ‌လုပ်ပိုင်ခွင့် ကွဲလွဲမှု များရှိပြီး အချို့ပြည်နယ်များတွင်မူ ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရကြောင်းလည်း သိရသည်။

ဇူလိုင်လကုန်အထိ အမည်စာရင်းတင်သွင်းခိုင်းထားသည့်အခါ၌ အချို့ရွှေ့ပြောင်းလုပ်သားများသည် အလုပ်ရှင် သူဋ္ဌေးမရှိသည့်အတွက် ပွဲစားများ၊ အေးဂျင့်များအား အလုပ်ရှင်သူဋ္ဌေးအမည်ခံကာ  ပြုလုပ်ထားကြသူများ ရှိ ကြောင်း၊ အမည်စာရင်းတင်သွင်းထားသည့် အလုပ်ရှင်နှင့် လုပ်ငန်းခွင်တူညီပါက ပို၍ကောင်းမွန်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် အချို့အလုပ်ရှင်သူဌေးများအနေဖြင့် လုပ်သားလိုအပ်သည့်အခါအတွင် ၎င်းအေးဂျင့်များထံမှ ခေါ်ယူမှု များရှိပြီး မြေပြင်အခြေအနေအတွင် နားလည်မှုအရ လုပ်ငန်းခွင်နှင့် အလုပ်ရှင် ပြောင်းလဲကာ လုပ်ကိုင်နေကြ ခြင်းများ ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံ မြင်ကွင်းတစ်ခု 

၎င်းက "ဒါပေမယ့်အခုဟာတော့ ဘာတွေ များသောအားဖြင့် တွေ့ရသလဲဆိုတော့ ပွဲစား သို့တည်းမဟုတ် အေဂျင်စီတွေကနေပြီးတော့ လုပ်‌ပေးထားတယ်။ လုပ်ပေးထားပြီးတော့ သူတို့ကို အေဂျင်စီတွေနဲ့ ဆက်သွယ် ထားတဲ့ အလုပ်ရှင်တွေကနေပြီးတော့ င့ါအလုပ်မှာတော့ လူဘယ်နှစ်ယောက်လိုတယ်ပေါ့။ အဲဒီတော့ အဲဒါ ရှာထားပေးဆိုရင် အေဂျင်စီက သူကတော့ တဆင့်ခံခေါ်ပေးတဲ့အတွက်ကြောင့် ဝန်ဆောင်ခရတဲ့အတွက်ကြောင့် သူကတော့ ခေါ်ပေးလိုက်မှာပဲလေ။ အဲဒီလိုခေါ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီလူတွေက အလုပ်ကသွားပြီး တော့ လုပ်လို့တော့ရနေတယ်။ နာမည်ကတော့ ဒီ အေဂျင်စီနာမည်နဲ့ဖြစ်မယ်။ ဒါပေမယ့် တကယ် လုပ်ငန်းလိုလို့ ခေါ်တဲ့ အလုပ်ရှင်တွေဆီမှာ အလုပ်သွားလုပ်နေတာ ဒါမျိုးတွေ ဖြစ်မယ်။ ဒါပေမယ့် အလုပ်ရှင်ပြောင်းတဲ့ဥစ္စာက အခုအချိန်မှာ တရားဝင်ကြီး ပေါ်ပေါ်ထင်ထင် ပြောင်းလို့ လွှဲလို့ရတဲ့ အနေအထားမျိုးတော့ မရှိသေးဘူး။ မဟုတ် ရင် စစ်တဲ့ဆေးတဲ့ကိစ္စတွေမှာ အဲဒါမျိုးတွေကို တွေ့ရတယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့က အရေး ယူရင် အရေးယူပိုင်ခွင့်ရှိတယ်" ဟု ပြောသည်။

အမည်စာရင်းတင်သွင်းထားသူများအား စက်တင်ဘာလကုန်အထိ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပေးထား သည့်အတွက် စစ်ဆေးအဖမ်းအဆီးခံရပါက ၎င်းအထောက်အထားများ ပြသနိုင်လျှင် အဆင်ပြေသော်လည်း အမည်စာရင်းတင်သွင်းပြီးနောက် အလုပ်ရှင်နှင့်လုပ်ငန်းခွင် ပြောင်းလဲထားသူများအနေဖြင့် ဖမ်းဆီးခံရနိုင် ကြောင်း သိရသည်။

ထိုင်းတွင် အစိုးရသစ် ဖွဲ့စည်းပြီးမှသာ ၎င်း အမည်စာရင်းတင်သွင်းထားပြီးသူများ လူသစ်ဘတ်ရိုက်သည့် လုပ်ငန်း စဉ်များပြုလုပ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ အစိုးရသစ် မဖွဲ့စည်းနိုင်သေးမှုကြောင့် အမည်စာရင်း တင်သွင်း ထားပြီးသူများအား ယခုကဲ့သို့ လအလိုက် နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုး ပေးသွားနိုင်ဖွယ် ရှိကြောင်း လည်း သုံးသပ်မှုများရှိသည်။