CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

မလေးရှားတွင် တရားမဝင်လုပ်သားများအတွက် အလုပ်အကိုင်ရှားပါးနေသောကြောင့် လက်ရှိ၌ တရားမဝင် မြန်မာလုပ်သားများအနေဖြင့် မိမိအား အလုပ်ခေါ်သည့် သူဌေးရှိပါက လုပ်ငန်းခွင်မရွေးချယ်ဘဲ လုပ်ကိုင်ကြရန် မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်အကိုင် အဓိက ရှားပါးနေခြင်းဖြစ်ပြီး အခြားစိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်အကိုင်များရှိသော်လည်း ပင်ပန်း၍ မလုပ်နိုင်ကြသည့်အတွက်ကြောင့် တရားမဝင် မြန်မာလုပ်သားများအနေဖြင့် အလုပ်အကိုင်ပို၍ ရှားပါးနေခြင်းဖြစ်ကြောင်း မလေးရှားတွင် မြန်မာ များအား ကူညီပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“အလုပ်အကိုင်ကတော့ အရင်လိုမပေါပေမယ့် အလုပ်တကယ်လုပ်ချင်တဲ့သူတွေအတွက်က မရှားပါဘူး။ အလုပ် တွေရွေးနေကြလို့သာ လူတွေကလေ။ အဲဒါကြောင့် အလုပ်အကိုင်တွေ ရှားပါးနေတာ။ ဒါကတော့ အလုပ်သမား တွေအပေါ်မှာ မူတည်တယ်။ သူတို့က မလေးရှားကိုလာပြီဆို မလေးရှားရောက်ပြီဆိုပြီးတော့ ပိုက်ဆံရပြီ ဆိုပြီး တော့ တွက်ကြတာလေ။ မလေးရှားရောက်ပြီဆို အလုပ်လုပ်မှ ပိုက်ဆံရမှာလေ။ မြန်မာပြည်လိုမျိုး တနေ့ကို ၂ နာရီ၊ ၃ နာရီ လုပ်ရတာမျိုးမဟုတ်ဘူး။ ဒီမှာ အနည်းဆုံး အောက်ထစ် ၈ နာရီ လုပ်ရတယ်။ ၈ နာရီ လုပ်ရတဲ့ အနေအထားမျိုးတွေကြတော့ မခံနိုင်တော့ဘူးလေ မြန်မာပြည်မှာလည်း လုပ်စရာလည်း မရှိဘူး။ သူတို့တွေက စက်ရုံထဲမှာ အဲကွန်းလေးနဲ့ လုပ်ချင်တဲ့ဟာမျိုးတွေ သူတို့က တောင်းဆိုကြတာ။ ဒါပေမယ့် ဒီအချိန်မှာ အဲဒီ စက်ရုံတွေ ဘာတွေက လုပ်ငန်းတွေက ရှားပါးသွားပြီ။ ရှားပါးတော့ လူတွေက တအားဝင်တော့ အခုလက်ရှိ ကတော့ စိုက်ပျိုးရေးတို့ နေပူတာပေါ့နော်။ ဆောက်လုပ်ရေးတို့ အဲဒီလိုနေရာမျိုးတွေမှာပဲ အဆင်ပြေတယ်။ အလုပ်တွေပေါတယ်ပေါ့။ အဲဒါကျတော့လည်း မလုပ်နိုင်လို့ အလုပ်အကိုင်ရှားပါးတယ် ပြောတာ။ ဒါပေမယ့် တကယ့်တကယ် ပိုက်ဆံရှာပြီးတော့ လုပ်နိုင်တဲ့ အလုပ်ကြမ်းသမားတွေအတွက်ကတော့ အလုပ်မရှားပါဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် မလေးရှားနိုင်ငံ၌ မြန်မာလုပ်သားများအား အဓိက ခေါ်ယူသော စက်ရုံ၊ အလုပ်ရုံကြီးများတွင် လုပ်သား လျော့ချသည့်အနေဖြင့် စာချုပ်သက်တမ်းပြည့်သူ မြန်မာလုပ်သားများအား စာချုပ်သက်တမ်း ထပ်မတိုးတော့ဘဲ နေရပ်သို့ ပြန်ပို့ခြင်း အများအပြား ရှိနေကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေသူများထံက သိရသည်။

ထိုသို့ စာချုပ်သက်တမ်းပြည့်သည့် မြန်မာလုပ်သားများထဲတွင် နေရပ်မပြန်ဘဲ အခြားလုပ်ငန်းခွင်များတွင် အလုပ် အကိုင်ရှာဖွေကာ မလေးရှားနိုင်ငံ၌ ကျန်နေခဲ့သူများလည်းရှိကြောင်း၊ ၎င်းတို့ အလုပ်အကိုင် ရှာဖွေမှုများကြောင့် တရားမဝင် မြန်မာလုပ်သားများမှာ အလုပ်ရှာရ ပို၍ခက်ခဲခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

မလေးရှားနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခု(ဓါတ်ပုံ-Getty Images)

ထို့ကြောင့် တရားမဝင်မြန်မာလုပ်သားများအနေဖြင့် လက်ရှိတွင် လုပ်ငန်းခွင်နှင့် ငွေကြေးရရှိမှုအပေါ် မရွေးချယ် ဘဲ ရရာ လုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင်ကြရန် မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အလုပ်ကရှားသွားတာတစ်ခုပေါ့။ နောက်တစ်ခုက လုပ်ငန်းရှင်တွေကလည်း တရားမဝင်အလုပ်သမားတွေကို လက်မခံရဲတာတွေလည်း ပါပါတယ်။ နေ့စဉ်နဲ့အမျှ ထပ်ပြီးတော့ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေလည်း အများကြီး ရှိနေသလို ခုနကပြောခဲ့တဲ့ စက်ရုံတွေကနေ ထုတ်လိုက်တဲ့ လူတွေကလည်း မြန်မာပြည်မပြန်ဘဲနဲ့ ဒီမှာပဲ ဆက်ပြီး တော့ဖြစ်သလို နေတဲ့သူတွေ ရှိလာတော့လေ တရားမဝင်အလုပ်သမားတွေက များလာ၊ အလုပ်တွေကလည်း ရှာဖို့ ခက်ခဲလာတယ်ပေါ့။ လက်ရှိအနေအထားမျိုးမှာ ပြောချင်တာက လခ နည်းတာ၊ များတာကို မကြည့်ကြပါနဲ့။ နောက်တစ်ခု အလုပ်ပင်ပန်းတာ မပင်ပန်းတာကို မကြည့်ကြပါနဲ့။ ပြီးတော့ ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ်ရတာ လေးနဲ့ မမျှတဘူးဘာညာ အဲဒီလို လောလောဆယ်တော့ မစဉ်းစားစေချင်ဘူး။ မရှိ ရှိတဲ့အလုပ် ကိုယ့်ကို လက်ခံ မယ့် သူဌေးတွေရှိခဲ့ရင် လုပ်ငန်းရှင်တွေရှိခဲ့ရင် လောလောဆယ် မှေးပြီးတော့ လုပ်စေချင်ပါတယ်။ ဘာလို့ဆို ရှေ့ဆက် အသက်ရှင်နေထိုင်ဖို့အတွက် အလုပ်က လုပ်နေရမှာပဲ။ ဆိုတော့ ဒီအချိန်မှာ အလုပ်မရွေးပါနဲ့။ လခ နည်းတာ များတာကိုလည်း မရွေးပါနဲ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တရားမဝင် မြန်မာများ အလုပ်အကိုင် ရှားပါးခြင်းသာမက တရားဝင်လုပ်ကိုင်နေသည့် မြန်မာများ အတွက်လည်း OT မရရှိမှုများ ဖြစ်နေကြောင်းလည်း သိရသည်။

ထို့အပြင် လက်ရှိတွင် မလေးရှားဘက်မှ မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူသည့် အလုပ်ခေါ်စာများလည်း မရှိသလောက် နည်းပါးနေကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်(MOEAF) မှ သိရသည်။

ထိုသို့ တရားဝင်ခေါ်ယူမှုနည်းသည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ တဆင့်သော် လည်းကောင်း၊ အခြားလမ်းကြောင်းများဖြင့်သော်လည်းကောင်း တရားမဝင် ခိုးဝင်ကာ သွားရောက်ကြသူဦးရေ မှာလည်း အများအပြားရှိကြောင်း သိရသည်။