CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားအချင်းချင်း ငွေကြေးလိမ်လည်မှုများ ပို၍များပြားလာကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ငွေကြေးလိမ်လည်ရာတွင် အလုပ်အကိုင်နှင့် ပတ်သက်၍လည်းကောင်း၊ အထောက်အထားများနှင့် ပတ်သက်၍လည်းကောင်း အဓိကထား လိမ်လည်ကြခြင်းကို တွေ့ရသည်ဟု မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုတော်တော်များများကို ဖြစ်နေပါတယ်။ အခုမလေးရှားမှာ အဓိက ပြောရမယ်ဆိုရင်တော့ မြန်မာ တွေကို ဒုက္ခပေးနေတာ မြန်မာတွေပါပဲ။ အခုက လစ်ရင်လစ်သလို၊ သာရင်သာသလို အနိုင်ကျင့်ကြမယ့် လူတွေ ချည်းပဲ။ စာနာမှုဆိုတာ လုံးဝ မရှိပါဘူး။ ကူညီမှုဆိုတာ လုံးဝမရှိပါဘူး။ အနိုင်ကျင့်မယ် ဆိုတာချည်းပါပဲ။ အဲဒါ ကြောင့် မလေးရှားမှာ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ကိုယ့် မြန်မာအချင်းအချင်း ဒုက္ခပေးတဲ့ ပြဿနာ ပါပဲ။ ကိုယ့် မြန်မာအချင်းချင်း အလုပ်ရမယ်ဆိုပြီးတော့ ခေါ်တယ်။ ခေါ်ပြီးတော့ အဲဒီသူတွေကို တစ်နေရာရာမှာ စုထားတယ်။ စုထားပြီးတော့ အဲဒီလူတွေကို မြန်မာပြည်ကနေ ငွေကြေးတောင်းခံခိုင်းပါတယ်။ ပြန်ပေးဆွဲတဲ့ ပုံစံမျိုးလို လုပ်နေတာပါ။ ဒါ လူမိုက်ဆန်ဆန် လုပ်နေတာပါ” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

မြန်မာလူမျိုးများသည် အင်မတန် အယုံလွယ်ကြကာ ကိစ္စတစ်ခုအား ဖြစ်နိုင်/မဖြစ်နိုင် မစဉ်းစား မသုံးသပ်ဘဲ လုပ်ဆောင်ခြင်းများကြောင့် ယခုကဲ့သို့ မြန်မာအချင်းချင်း ငွေကြေးလိမ်လည်မှု ပိုမို များပြာလာခြင်း ဖြစ် ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် အလုပ်အကိုင်မှာ အင်မတန်ရှားပါး လာနေသည့်အတွက် အခက်အခဲများ ကြုံတွေ့ လာခြင်းကြောင့် ငွေကြေးလိမ်လည်မှုများ လုပ်လာကြခြင်း ဖြစ်နိုင်သည်ဟုလည်း ထင်မြင်ယူဆကြသည်။

ရခိုင်ဒုက္ခသည်များဗဟို(Center for Arakan Refugees) မှ ညွှန်ကြားရေးမှူး ချုပ် ဦးညီညီလွင်က “အလုပ်ရှားပါး တဲ့ အခါကြတော့ အလုပ်ရမယ်၊ ပေးမယ် ဘယ်နေရာမှာ အလုပ်ရှိတယ် စသည်ဖြင့်ပေါ့ ၅၀၀၊ ၁၀၀၀ (ရင်းဂစ်) ယူပြီး ခေါ်သွားကြတယ်။ အဲဒီကိုရောက်တော့ အလုပ်မရှိဘူး ဒုက္ခဖြစ်တယ်။ ပတ်စပို့ကိုင်ရင် ပါမစ်လျှောက်လို့ ရတဲ့ဟာရှိတယ်။ အဲ့ကြရင်လည်း ပတ်စပို့တွေကို အတုလုပ်ပြီးတော့ လိမ်တာ ရှိတာပေါ့နော်။ အဲဒါလည်း ၁၅၀၀၊ ၂၀၀၀၊ ၃၀၀၀ (ရင်းဂစ်) ပေးရတယ်။ အရင်တုန်းက ကိုဗစ်ပြီးကာစကတော့ လုပ်ငန်းတွေ ပြန်ဖွင့်တော့ လူလို တယ်။ ဘယ်သူမဆို အလုပ်ခန့်တာပေါ့။ ဒါပေမယ့် အခုက ဒီအစိုးရအသစ် တက်လာပြီး နောက်မှာ သူ့ရဲ့ စီမံချက် နဲ့ G to G ပေါ့နော်။ အစိုးရ အချင်းချင်း သဘောတူစာချုပ် လက်မှတ်ထိုး ညှိနှိုင်းပြီးတော့ ပါမစ်နဲ့ အလုပ်သမား တွေ ခေါ်တာပေါ့နော်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ရယ်၊ နီပေါရယ်၊ အင်ဒိုနီးရှားရယ်၊ ဖိလစ်ပိုင်ရယ် စတဲ့ နိုင်ငံတွေ ပေါ့။ မြန်မာနိုင်ငံကတော့ မပါဘူးပေါ့။ အဲဒီနေရာမှာ ပါမစ်ရှိတဲ့လူတွေ အလုပ်ဝင် လာတဲ့အခါကြတော့ ပါမစ်မရှိ တဲ့ အများစု ကျနော်တို့ မြန်မာနိုင်ငံသားတွေက အလုပ်လက်မဲ့ဖြစ်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

မလေးရှားနိုင်ငံတွင် လက်ရှိ အဖမ်းအဆီးများမှာ ယခင်ကထက် ပိုမိုများပြားလာပြီး အော်ပရာစီ အနေဖြင့် ကြီးမားစွာ စစ်ဆေး ဖမ်းဆီးနေကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေ သူများထံမှ သိရသည်။

ထို့အပြင် ကိုဗစ်ကူးစက်မှုများသည်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သိသိသာသာ ပြန်လည်ဖြစ်ပွားလာနေ သဖြင့် မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်အကာအကွယ်အစီအမံများ ပြန်လည် လုပ်ဆောင်ကြရန် ပန်ကြားထားသည်။

ထို့ကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် လုပ်ငန်းခွင်များတွင် ကိုဗစ်နှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ကြရန် မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။