CNI News

၂၀၂၃ ခုနှစ်၊ မေလ ၈

မလေးရှားနိုင်ငံသို့ နေထိုင် အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင် လမ်းကြောင်းများမှတဆင့် ခိုး၍ဝင်ရောက် လာသည့် မြန်မာများသည် အလုပ်အကိုင်ရှားပါးမှုဖြင့် ကြုံတွေ့နေရပြီး အခက်အခဲဖြစ်နေကြကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် မလေးတွင် နေထိုင်သည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အလုပ်အကိုင် ရှားပါးပြီး အခက်အခဲ ဖြစ်နေကြခြင်းမှာ မလေးရှားမှ အလုပ်ရှင်များသည် တရားမဝင် လုပ် သားများ ခေါ်ယူရာတွင် ယခင်ကနှင့် မတူတော့သည့်အတွက် ဖြစ်ကြောင်း မလေးရှား၌ နေထိုင်လျက်ရှိသည့် ကိုစိုးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တရားမဝင် မြန်မာများ အလုပ်အကိုင် ရှားပါးခြင်းသာမက တရားဝင်လုပ်ကိုင်နေသည့် မြန်မာများ အတွက်လည်း OT မရရှိမှုများ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ကိုစိုးက “သူတို့ပြောတာ မေးကြည့်တာကတော့ စက်ရုံက order ပါးလာတယ်ပေါ့။ နိုင်ငံခြားက မှာတာလည်း order ပါးလာတော့ OT ဘာညာလည်း မပေးနိုင်တော့ဘူး။ အဲဒီတော့ Overstay ဘာညာလည်း အလုပ်ရှာရတာ ခက်ခဲ လာတာပေါ့။ သူတို့က ပတ်စပို့ စာအုပ်မရှိတော့ ပိုဆိုးတာပေါ့။ အခု နောက်ပိုင်း စက်ရုံ တော်တော်များများ က ပတ်စပို့စာအုပ်ရှိမှ ခေါ်မယ် ဘာညာ အဲဒီလိုမျိုးတွေ ဖြစ်လာတာ။ ပါမစ်ကလည်း ခွင့်ပြုထားတော့ ပါမစ်ကပ် ပေးမယ် ဘာညာပေါ့။ စာအုပ်ရှိတဲ့ လူလောက်ပဲ ခေါ်ချင်တာပေါ့။ အရင်တုန်းကတော့ စာအုပ်မရှိလည်း အလုပ် တွေ ဘာတွေ ရှာလို့လွယ်တယ်။ ဘာလို့ဆို အရင်တုန်းကဆိုရင် UN ကတ်တွေတို့ တခြားတခြား တိုင်းရင်းသား ကတ်တွေတို့ အဲဒီလိုဟာတွေနဲ့လည်း ဝင်လို့ရတယ်လေ။ အခု နောက်ပိုင်းကျတော့ အဲဒီလိုဟာတွေ ကျတော့ သိပ် ပြီးတော့ အသိအမှတ် မပြုတော့ဘူး။ သူတို့က ပတ်စပို့ စာအုပ်လောက်ပဲ တောင်းနေတာ။ လက်ရှိကတော့ နိုင်ငံ ရေး အပြောင်းအလဲလည်း ပါတာပေါ့။ ဒီနှစ်ကုန် ဘာတွေ ပြောင်းလဲလာဦးမလဲဆိုတာလည်း မသိဘူးလေ။ ပြီးတော့ ဘယ်ကိုဦးတည်ပြီး သွားနေလဲဆိုတာလည်း မသိဘူး။

ပုံ- မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

တချို့ရှိတာတော့ လောလောဆယ် ကတော့ ပတ်စပို့စာအုပ်လုပ် ပါမစ်ကပ်ပေါ့။ ဒီမှာက UN ကို အဲဒီလောက်ကြီးလည်း အသိအမှတ်ပြုတာ မဟုတ်ဘူးလေ။ အဲဒီတော့ သူဌေးတွေ တော်တော်များများကလည်း UN ဘာညာ ရှိရင်တောင် သိပ်မပေးချင်တော့ဘူး မခေါ်ချင် တော့ဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် မလေးရှားဘက်မှ မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူသည့် အလုပ်ခေါ်စာများလည်း မရှိသလောက် နည်းပါးနေကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်(MOEAF) မှ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ တဆင့်သော်လည်းကောင်း၊ အခြား လမ်း ကြောင်းများဖြင့် သော်လည်းကောင်း တရားမဝင် ခိုးဝင်ကာ အလုပ်လုပ်ကိုင်ရန် သွားရောက်လျက် ရှိကြသည်။

တရားမဝင် လုပ်သားများအတွက် အလုပ်အကိုင် ရှားပါးမှု ဖြစ်နေသည့်အပြင် မိမိတို့သည် တရားမဝင်များ ဖြစ်သောကြောင့် လုပ်ခလစာ ရရှိမှုအပိုင်းတွင်လည်း နှိမ့်ချ၍သာ ရရှိကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အဖွဲ့ချုပ် (MOEAF) မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ထင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ပုံ - မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

၎င်းက “ဟိုဘက်က မလေးရှားမှာရှိတဲ့ အေးဂျင့်တွေနဲ့ အဆက်အသွယ်မိတော့ သူတို့ပြောပြာတာကြ ခိုးသွားတဲ့လူ တွေကလည်း ဟိုမှာ သူတို့ အလုပ်အကိုင် အခွင့်အလမ်းက ရှားတယ်။ သူတို့ပိုဆိုးပေါ့။ ဒီက တရားဝင် ကောလင်းနဲ့ သွားတဲ့လူကတော့ ဘာပဲဖြစ်ဖြစ် အလုပ်က ဟိုမှာ ပေးကို ပေးရတယ်။ Basic လစာ ပေးကိုပေးရတယ်။ OT ရှိခြင်း မရှိခြင်းပဲ ကွာတာပေါ့။ Over time မရှိရင်တောင် Basic လစာ ဥပမာ ရင်းဂစ် ၁၅၀၀ ဆို ၁၅၀၀ ရရမှာ။ ဒီဟာက သေချာပေါက် ရမှာ။ ဟိုမှာသွားပြီး Overstay နဲ့ နေတဲ့သူကြတော့ သူဌေးက ခေါ်ခန့်တော့ သူက ဘယ်လိုပြော မလဲ အောက်ဈေးပေါ့။ သူကြိုက်ရင်လည်းခေါ် မကြိုက်ရင်လည်း ထုတ်ပစ်လိုက်လို့ ရတာပေါ့။ ဒါသူဌေးရဲ့ သဘောအပေါ်မှာ ပိုပြီးမူတည်တာပေါ့။ တရားဝင် သူတို့ခေါ်တာ နည်းနည်းလေး နည်းနေသေး ရင်လည်း သူတို့ Demand များတဲ့အချိန်ကို စောင့်ပြီး သွားပေါ့။ အောက်ကနေသွားတဲ့ တရားမဝင်သွားတဲ့ အလုပ်ကတော့ ကျနော် တို့လည်း အားမပေးဘူး။ အခု မလေးရှားလည်း သိပ် စီးပွားရေး အကောင်းကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ လည်း စက်ရုံ၊ အလုပ်ရုံတွေကို အားကိုးပြီးတော့ လုပ်နေရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အတွက် အလုပ်သမား ကတော့ လိုအပ်ချက်ကတော့ ရှိနေမှာပဲ” ဟု ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် လက်ရှိတွင် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက တရားဝင် လမ်းကြောင်းဖြင့်သာ သွားရောက် လုပ်ကိုင်စေလိုကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အဖွဲ့ချုပ်နှင့် မလေးရှားတွင် နေထိုင် အလုပ်လုပ်ကိုင်နေသူများက အကြံပြုသည်။