CNI News

၂၀၂၃ ခုနှစ်၊ မေလ ၈

ပြည်တွင်း ဆန်စပါးဈေးနှုန်းသည် ပြီးခဲ့သည့် ဧပြီလက ဈေးနှုန်းထက် ယခုမေလတွင် ကျပ် ၅ သောင်းမှ ၁ သိန်း ခန့် မြင့်တက်လာနေခြင်းကြောင့် ဆန်စပါးဈေးနှုန်းများ မြင့်တက်မှုကို ထိန်းရန်အတွက် နိုင်ငံတော်အနေဖြင့် အရံဆန် ထုတ်ရောင်းပေးရန် လိုအပ်ကြောင်း ဆန်ကုန်သည်များနှင့် တောင်သူလယ်သမားများက ပြောသည်။

နှစ်စဉ် ဆန်စပါးဈေးနှုန်းသည် မေလမှစတင်၍ ဈေးနှုန်း မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် မိုးစပါး အထွက် နှုန်း လျော့နည်းနေခြင်းနှင့် ဆန်ဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် စပါးဈေးနှုန်းသည် ယခင်နှစ်များထက် ဈေးနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။

ထို့ပြင် မေလမှ စက်တင်ဘာလအထိ ဆန်စပါးဈေးနှုန်း မြင့်တက်လေ့ရှိခြင်းကြောင့် နိုင်ငံတော်အနေဖြင့် အရံဆန် ထုတ်ရောင်းခြင်းဖြင့် ဆန်ဈေးနှုန်း မြင့်တက်ခြင်းကို ထိန်းရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းအောင်က “ခါတိုင်းနှစ်တွေကတော့ အမှန်တိုင်းဆို ဒီ မေလကတော့ နည်းနည်းလေး စပြီးတော့ ဈေးလေး လှုပ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုန်ပေါ် နည်းသွားတာကိုး။ ကုန်ပေါ်နည်းသွားပြီဆိုချိန် မေလ နည်းနည်း တက်တယ်၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အဲဒီလောက်ထိ တက်တယ်။ အောက်တိုဘာ ကျတော့ အလွန်မတက်ပေမယ့် ငြိမ်တာပေါ့။ ကောက်သစ်ပေါ်တယ်။ ကောက်ဟောင်းကတော့ ဈေးမကျဘူးပေါ့။ ဆန် ဟောင်းက ဈေးမကျဘူး။ ဆန်သစ်က ပေါ်လာတဲ့အတွက် နည်းနည်း၊ နိုဝင်ဘာဆိုရင် လှိုင်လှိုင်ပေါ်တဲ့အတွက် ဈေးပြန်ကျတယ်ပေါ့။ ဘာလုပ်ဖို့ လိုအပ်လဲဆိုတော့ ဇွန်၊ ဇူလိုင် လောက်မှာလေ တိုင်းပြည်မှာ အရံဆန်ရှိရင် ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ အဲဒါ နည်းနည်းလေး ထိန်းပြီးတော့ ထုတ်ပြီးတော့ ဈေးကို ထုတ်ရောင်းခြင်းအားဖြင့် ဈေးကို ထိန်းလို့ရလိမ့်မယ်လို့ အန်ကယ်တို့ကတော့ အဲဒီလိုမျိုး မြင်တယ်ပေါ့။ အလွန် တက်မသွားအောင်ပေါ့” ဟု ပြောသည်။
စပါးဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်နေကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။

ဆန်၀ယ်နေကြစဉ်

လက်ရှိတွင် ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းရန်အတွက် အရံဆန် ဝယ်ယူမှုများ လုပ်ဆောင်နေပြီ ဖြစ် ကြောင်း၊ သို့သော်လည်း ဈေးကွက်အတွင်း အပြိုင်အဆိုင် ဝယ်ယူမှု မဖြစ်စေရန်အတွက် လိုအပ်သည်ဟု မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရံဆန်တွေ အခု နည်းနည်း ဝယ်ဖို့တော့ လုပ်နေကြတယ်။ အရံဆန်နဲ့လည်း နည်းနည်း ထိန်းမှာပေါ့။ ဘတ်ဂျက် ဘယ်လောက်ရလဲ အဲဒီအပေါ်မှာလည်း မူတည်မှာပေါ့။ တခါတလေ ကျတော့လည်း ဆန်က လိုနေတဲ့ အချိန်နဲ့ အရံဆန် လာဝယ်ပြီးတော့ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်ဖြစ်ရင်လည်း ကျမယ့်ဟာ မကျဘူးပေါ့။ အဲဒါ လည်း တစ်ချက် ပြန်ကြည့်ရပါတယ်” ဟု ပြောသည်။

တဖက်တွင်လည်း ပြည်တွင်း ဆန်စျေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် အကျိုးအမြတ် ရရှိမှု နည်းပါး သွားသည့်အတွက် ပြည်ပသို့ ဆန်တင်ပို့သည့် လုပ်ငန်း ရပ်ဆိုင်းထားမှုများ ရှိနေကြောင်း ဆန်ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းအရ ဧပြီလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု သည် တန်ချိန် ၈ သောင်းကျော်ရှိကြောင်း၊ ယခင်နှစ် ကာလတူ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၆၅ ရာခိုင်နှုန်းခန့် လျော့ ကျ သွားကြောင်း သိရသည်။

 

ဆန်ဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

လက်ရှိ ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆန်တင်ပို့မှု နည်းသွားကြောင်း၊ ဆန်ကွဲ တင်ပို့မှုသာ ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဈေးတော့ ပုံမှန်ဆိုရင်တော့ ဇူလိုင်၊ ဩဂုတ်တို့က ဆန်ဈေးနည်းနည်း တက်နေကြပဲ ဒါပုံမှန်ပဲ စပါးအသစ် မပေါ်ခင်ပေါ့။ ဒါပေမယ့် ဒီထက်တက်လည်း Export တို့ ဘာတို့တော့ မသွားနိုင်တော့ဘူး။ မသွားနိုင်တော့ ပြည်တွင်းမှာ ဆန်ကျန်မယ်ဆိုရင်တော့ သူ့ဟာနဲ့သူ ပြန်ထိန်းညှိသွားမှာပါ။ နောက်ထပ် ထပ်ရောင်းထားတာတော့ မရှိသေးဘူး နည်းသွားပြီ။ နည်းနည်းရှိတယ် ဆန်ကွဲလောက်ပဲ နည်းနည်းရှိတယ်။ ကျန်တာတွေတော့ သိပ် မရောင်းတော့ဘူး။ နောက်ပြီး သူ့ဟာနဲ့သူ ထိန်းသွားမှာပါ” ဟု ပြောသည်။

ပြည်တွင်း ဆန်ဈေးနှုန်းများသည် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၉၃၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်နှင့် ရက် ၉၀ ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ် ဈေးနှုန်း ဖြစ်ပေါ်နေသည်ဟု ဝါးတန်းဆန်ကုန်စည်ဒိုင်၏ ဈေးနှုန်းများအရ သိရသည်။