CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေး ကျပ်တည်းမှုသည် ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုရှိသည်ဟု အိမ်ထောင်သည် အမျိုးသမီးများနှင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ကိုင်သူများက ပြောသည်။ 

 ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရိပ်ရိပ်ဖြင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းသည် ယခုကာလအတွင်း ပိုမိုမြင့်တက်လာသည့်အတွက် ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်သန်းယိုင်စိန်က CNI သတင်းဌာနကို ပြောသည်။

"အလုပ်လုပ်တာနဲ့ ရတဲ့ပိုက်ဆံနဲ့ စျေးကြီးတာနဲ့လိုက်မမီ။ အရီးတို့တစ်ယောက်တည်း မဟုတ်ဘူး။ လူတိုင်းစိတ်ညစ်တာပေါ့။ စိတ်ပင်ပန်းတယ်။ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဘာမှ ထွေထွေ ထူးထူး ရှိလာမှာ မဟုတ်ဘူး။ ကုန်စျေးနှုန်းက မတက်စေချင်ဘူး။ ကျစေချင်တယ်။ အကုန်လုံးပဲ။ ဆင်းရဲ သူ ဆင်းရဲသားတွေ ဒုက္ခရောက်ကြတယ်။ သူခိုးတွေများတယ်။ လုယက်မှုတွေ များတယ်။ ဒီ့ထက် ကုန်စျေးနှုန်း တက်လို့ရှိရင် ပိုဆိုးမှာပေါ့။ တခါတလေ အဲ့လိုစိတ်တွေ ရှုပ်ရှက်ခတ်နေတယ်" ဟု ပြော သည်။
 
ယခုလိုကုန်စျေးနှုန်းများ မြင့်တက်လာမှုကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များမှာ လည်း အခက်အခဲရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စဥ့်ဘိုမြို့နယ်မှ မြေအိုး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန္ဒာက CNI သို့ ပြောသည်။ 

"နှစ်သောင်းတန် ပေါ်မယ်ဆိုကတည်းက ဈေးတွေ တက်သွားတယ်။ စိတ်ဓာတ်တောင်ကျတယ်။ လုပ် တောင်လုပ်မစားချင်တော့ဘူး။ ဒါပေမယ့်မဖြစ်ဘူးလေ။ စျေးကလည်းတက်လို့မရဘူး။ စားကုန် မဟုတ် တော့ မတင်ရဲဘူး။ခု အလုပ်သမားတွေအတွက် ဘယ်လိုလုပ်ပေးရမလဲတောင် မသိတော့ဘူး။ သူတို့ကို တစ်ရက်ကို ၅ ထောင်ပေးတယ်။ ပင်ပန်းတဲ့နေ့ဆို ၇ ထောင်ပေးတယ်။ သူတို့ကိုလည်း ပေးချင်တယ် ဒါပေမယ့် မပေးနိုင်သေးဘူး။တစ်ခါတစ်လေ သူတို့ထမင်းချိုင့်ထည့်လာရင် ဘာပါလဲဆိုလို့ရှိရင် ကန်စွန်းရွက်ချဥ်ဟင်းနဲ့ငံပြာရည်ကြော် နှစ်မျိုးထဲ။ အသားငါးမပါဘူး။ စိတ်တောင်မကောင်းဘူး" ဟု ပြောသည်။ 

ရန်ကုန်မြို့ရှိ လမ်းဘေး ဂျာနယ်ရောင်းသူများကိုတွေ့ရစဉ်(ဓါတ်ပုံ-CNI)

ဒါ့အပြင် ယခုလို ကုန်စျေးနှုန်းမြင့်တက်နေမှုနှင့်အတူ စားဝတ်နေရေးကျပ်တည်းလာမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာနိုင်ပြီး သေကြောင်းကြံစည်လာနိုင်သည်အထိ ဖြစ်လာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနကိုပြောသည်။ 

"လူကထွက်ပေါက်မရှိရင် ဘာတွေဖြစ်လာမလဲ။ ဖြစ်ချင်ရာတွေဖြစ်လာတော့မယ်ပေါ့နော်။ နောက်ဆုံး သေကြောင်းကြံစည်တဲ့အထိပါ ဖြစ်လာနိုင်တဲ့ဟာလည်း အများကြီးဖြစ်လာနိုင်တယ်" ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇူလိုင်လ ၂၃ ရက်နေ့တွင် နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်ဖြင့် ထုတ်မည်ဟု ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးသည့်နောက်တွင် အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် စက်သုံးဆီ၊ ရွှေစျေး၊ ဒေါ်လာစျေးများလည်း မြင့်တက်လာပြီး အခြေခံလူတန်းစားများသာမက  တနိုင် တပိုင် စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းများပါ ထိခိုက်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်စျေးနှုန်းမှာ ယခင်ကရွှေဘို ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၉၅၀၀၀(ကိုးသောင်းငါးထောင်)မှ  ယခု ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျော်အထိလည်းကောင်း၊ စားအုန်းဆီစျေး တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ (ရှစ်ထောင့်လေးရာ)မှ ယခုအခါ ငွေကျပ် ၁၃၀၀၀(တစ်သောင်းသုံးထောင်)ကျော်အထိ လည်းကောင်း မြင့်တက်သွားကြောင်း သိရသည်။

စားဝတ်နေရေးကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအစိုးရနှင့်ဌာနဆိုင်ရာများက ကုန်ဈေးနှုန်း မြင့်တက်စေရန် ဈေးကစားသူများကို လက်တွေ့တွင် ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သင့် ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။