CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် မလုံလောက်မှုတို့ကို ဖြေရှင်းနိုင်ရန်အတွက် ရုရှားနိုင်ငံမှ စက်သုံး ဆီကို တင်သွင်းရန် လုပ်ဆောင်နေသည်ဟု နစကအစိုးရ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့ကြောင့် ရုရှားနိုင်ငံမှ စက်သုံးဆီကို သက်သာသည့်နှုန်းထားဖြင့် ရရှိမည်ဆိုပါက လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေခြင်းကြောင့် အခြေခံ ကုန်ဈေးနှုန်း မြင့်တက်မှုကိုလည်း အထိုက်အလျောက် လျှော့ချနိုင်မည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

“ဒီဆီတစ်မျိုးတည်းက ကျနော်တို့ တခြားကုန်ဈေးနှုန်း ရိုက်ခတ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ကျနော်တို့ ကာကွယ်ပြီးသား ဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့ ဆီဈေးတက်တာနဲ့အမျှ ကုန်ပစ္စည်းတွေ ဝယ်ရတာ ဈေးတက် သွားတယ်။ အဲတော့ ဆီကို သက်သက်သာသာနဲ့ ရမယ်ဆိုရင် ဆီတစ်လီတာမှာ ၅၀၀ သက်သာသွားရင် သေချာ တယ် ပြောင်းဖူးဈေးကျမယ်၊ အာလူးဈေးကျမယ်၊ တခြားဈေးတွေ ကျလာမယ်။ ဒီလိုမျိုး ကျနော်တို့က တွက်ချက် ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိကက စက်သုံးဆီဈေးနှုန်းက အများကြီးထိုးကျသွားမှာ မဟုတ်ဘူး သို့သော် ဒေါ်လာကို မသုံးဘဲနဲ့ ဝယ်လို့ရတာ ဖြစ်တဲ့အတွက် ရုရှားကနေ ကျနော်တို့ ဝယ်တာ။ ဝယ်မယ်” ဟု ၎င်းက ပြောသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီများ ပြည်တွင်းသို့ ဝင်ရောက်လာပါက လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီ ဈေးနှုန်းသည် ထက်ဝက်ခန့် ကျဆင်းသွားနိုင်သည်ဟု သုံးသပ်မှုများရှိသည်။

သို့သော် ကမ္ဘာ့ရေနံဈေးနှုန်းနှင့် တွက်ချက်ကြခြင်းဖြစ်သည့်အတွက် စက်သုံးဆီဈေးနှုန်းများသည် ထက်ဝက်ခန့် ကျဆင်းမသွားနိုင်သော်လည်း ၂၀၀၀ ဝန်းကျင်ခန့်သာ ကျဆင်းသွားနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။

မြန်မာနိုင်ငံအတွက် စက်သုံးဆီကို ပြည်ပမှ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် တင်သွင်းနေရတာ ကြောင့် ရုရှားနိုင်ငံမှ စက်သုံးဆီကို ရုရှားငွေကြေးဖြင့် တင်သွင်းရမည်ဆိုပါက အမေရိကန်ဒေါ်လာကိုလည်း ထိန်းချုပ်ပြီးအနေအထား ဖြစ်သွားနိုင်သည်ဟု ဦးအောင်ပြည့်စုံက ဆက်ပြောသည်။

ရန်ကုန်မြို့ရှိ ဈေးမြင်ကွင်းတစ်ခု(ဓါတ်ပုံ-CNI)

“စက်သုံးဆီဆိုတဲ့ ကိစ္စမှာလည်း ကျနော်သိရသလောက်ကတော့ စင်္ကာပူဆို အမေရိကန်ဒေါ်လာနဲ့ ဝယ်ရတာ ဖြစ်တယ်။ ရုရှားဆို ကျနော်တို့ ရုရှားနိုင်ငံသုံး ငွေကြေးနဲ့ ဝယ်မှာဖြစ်တယ်။ အခု လူတွေထင်နေကြတာက အခု လက်ရှိ ဒီဇယ်ဆို ၃၀၀၀ ကျော်၊ ဓာတ်ဆီဆို ၂၅၀၀ ပတ်ချာလည်မှာရှိတယ် အောက်တိန်းဆိုရင်။ ရုရှားဆီက ဆီ တွေ ရောက်လာလို့ရှိရင် ငါတို့ ၃၀၀၀ ဖြစ်မယ်၊ ၁၅၀၀ ဖြစ်မယ်ဆိုတဲ့ အတွေးမျိုးရှိတယ်။ ဒီတော့ ကျနော့်ရဲ့ သုံးသပ်ချက်အမြင်နဲ့ ပြောမယ်ဆိုရင် ရုရှားနိုင်ငံက ရောက်လာမယ့် စက်သုံးဆီ ဆီတင်သင်္ဘောတွေရဲ့ အကွာ အဝေးနဲ့ ကျနော်တို့ ဟိုဘက်မှာ ဝယ်ရတဲ့ ဈေးနှုန်းနဲ့ နောက်ဆုံး စင်္ကာပူကပဲဝယ်ဝယ်၊ ရုရှားကပဲဝယ်ဝယ် ကျနော်တို့ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ တစ်ပီပါ ဘယ်လောက်ဆိုတဲ့ ရေနံ ဈေးနှုန်းပေါ်မှာ တွက်ချက်ကြတာ ဖြစ်တဲ့အတွက် ထင်ထားသလောက်ကြီးတော့ စက်သုံးဆီဈေးနှုန်းကြီးက ထိုးကျမှာက ထက်ဝက်လောက်ထိ မဖြစ်နိုင်ဘူး။ ၂၀၀၀ ပတ်ချာလည်မှာ တစ်လီတာဖိုး ဖြစ်ချင်ဖြစ်နေတာမျိုး အစိုးရက ဆောင်ရွက်တာ ဖြစ်တယ်။ အဲတော့ ဆီကိုသာ ကျနော်တို့ အမေရိကန်ဒေါ်လာအစား ရုရှားငွေနဲ့ ဝယ် နိုင်ရင် ကျနော်တို့ ဒေါ်လာကိစ္စကို ထိန်းချုပ်ပြီးသားဖြစ်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံမှ တင်သွင်းထားသည့် တန်ချိန် ၁၅၀၀၀ (တစ်သောင်း ငါးထောင်)ပါ ဆီတင် သင်္ဘော ၂ စီးသည် ရန်ကုန်ဆပ်ကမ်းသို့ ဆိုက်ကပ်လာမည်ဖြစ်ပြီး သက်သာသည့်ဈေးနှုန်း ဖြင့် ရောင်းချပေးမည်ဟု ပြောဆိုခဲ့သည်။

သို့သော် ရုရှားနိုင်ငံမှ စက်သုံးဆီများကို တင်သွင်းရာတွင် မည်သည့်ဈေးနှုန်းဖြင့် ဝယ်ယူနေကြောင်းနှင့် ပြည်တွင်း ဈေးကွက်သို့ မည်ကဲ့သို့ ဖြန့်ဖြူးပေးမည်ကို ဒီကနေ့အချိန်ထိ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည်လည်း ရုရှားနိုင်ငံမှ စက်သုံးဆီကို ဝယ်ယူနေပြီး ကမ္ဘာ့ဈေးနှုန်း၏ တစ်ဝက်ခန့် သက်သာသည့်နှုန်းထားဖြင့် ရရှိနေခြင်းကြောင့် မြန်မာသည်လည်း ယင်းဈေးနှုန်းအတိုင်း ရရှိမည်ဆိုပါက အကျိုး ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခုက ရုရှားက အမေရိကန်နဲ့ ဥရောပတို့က sanctions လုပ်ထားတော့ သူ့ဟာတွေက ရောင်းဖို့အတွက်က ဈေးကွက်အသစ် ရှာနေပြီ။ တရုတ်တို့၊ အိန္ဒိယတို့က ရုရှားဆီကို သွင်းနေပြီ။ သူတို့က ကမ္ဘာ့ဈေးရဲ့ တစ်ဝက်နီးနီး လောက် ရတယ်လို့ ကြားတာပဲ။ အဲအတိုင်းဆိုရင်တော့ အကျိုးရှိပါတယ်။ စက်သုံးဆီ တင်သွင်းတာမှာ အကျိုးရှိ၊ မရှိကလည်း အဓိက စက်သုံးဆီဈေးနှုန်းပေါ်မှာပဲ အဓိက မူတည်တယ်” ဟု သူက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များကို ခွဲတမ်းဖြင့် ဖြန့်ဖြူးပေးနေသော်လည်း လုံလောက် သည့် စက်သုံးဆီ ခွဲတမ်းမရခြင်း၊ စက်သုံးဆီဈေး မြင့်တက်နေခြင်းတို့ကြောင့် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ပိတ်ထားရသည့် စက်သုံးဆီဆိုင်တချို့ ရှိနေသည်။