CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် နိုင်ငံခြားသား ခရီးသွားများအတွက် ဈေးနှုန်းများအား ဒေါ်လာဖြင့် သတ်မှတ်ထားခြင်းအပြင် ရုရှားနိုင်ငံသား ခရီးသွားများအတွက် ရည်ရွယ်ကာ ဈေးနှုန်းများကို ရူဘယ်ဖြင့်ပါ သတ်မှတ်ထားသင့်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ သတ်မှတ်ထားပါက ရုရှားနိုင်ငံခြားသား ခရီးသွားများအား အများအပြား ဆွဲဆောင်လာနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သို့ ပြောသည်။

၎င်းက “အခုဆိုရင် ရုရှားနိုင်ငံသားတွေက သူတို့ ဖြစ်နေတာ သူတို့လက်ထဲမှာ သူတို့နိုင်ငံသုံး ပိုက်ဆံအနေနဲ့ဆိုရင် ပိုက်ဆံရှိတယ်လို့ ပြောလို့ရတယ်ပေါ့။ ဒါပေမယ့် အဲဒီပိုက်ဆံကို ပြည်ပကို ထွက်မယ်ဆိုရင် ဒေါ်လာကို အကြောင်း မရှိဘဲ လဲလို့မရဘူးပေါ့။ နောက်ပြီး ဘဏ်တွေကလည်း လဲဖို့အတွက် အခက်အခဲရှိတယ်။ ဒါကြောင့်မိုလို့ ဒေါ်လာ ရရှိနိုင်မှု အခက်အခဲအတွက် ခရီးသွားဖို့ကို ဝန်လေးနေကြတယ်။ အဲဒီတော့ သူတို့နိုင်ငံသုံး ငွေကြေးကို ဒီမှာသုံးစွဲ နိုင်တယ်။ ဒါမှမဟုတ် မြန်မာပြည်ရောက်ရင် လဲနိုင်တယ်။ ရူဘယ် ၁ ခုကို မြန်မာကျပ်ငွေ ဘယ်လောက်ပေါ့၊ ချိတ် ဆက် လဲလှယ်တာမျိုးပေါ့။ ယွမ်ကို ကျပ်ငွေနဲ့ တိုက်ရိုက်ချိတ်ဆက်သလို ရူဘယ်နဲ့ ချိတ်ဆက်တယ်ဆိုရင် သူတို့ တွေအနေနဲ့ သုံးစွဲမှုတွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်။ ဒီမှာ ငါတို့ ခရီးသွားလို့ ရတယ်။ သာမန်နိုင်ငံသားတွေ က တော် တော်များများ ဒေါ်လာကိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ရုရှားမှာကလေ”ဟု ပြောသည်။

ရုရှားငွေ ရူဘယ်နဲ့ မြန်မာကျပ်ငွေ 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံး master card နှင့် visa card တို့ဖြင့် ငွေပေးချေရာတွင် လက်ခံသော်လည်း ရုရှား နိုင်ငံသားတို့ အသုံးပြုနေသည့် MIR card နှင့် Union Pay တို့ဖြင့် ငွေပေးချေမည်ဆိုပါက လက်ခံနိုင်ရန် ဘဏ် အချင်းချင်း ချိတ်ဆက်ထားရန် လိုအပ်ကြောင်းနှင့် ထိုသို့ ငွေပေးချေမှုကို လက်ခံပါက ခရီးသွာလုပ်ငန်းအနေဖြင့် တရှိန်ထိုး တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော် လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို ပြန်လည် ခိုင်မာလာစေရန်နှင့် ဒေါ်လာအား မှီခိုနေရ မှုကို လျှော့ချနိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းတွင် နိုင်ငံခြားသား ခရီးသွားများအတွက် ဈေးနှုန်းများ ကို နိုင်ငံခြားငွေအစား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲသတ်မှတ်ပါက ပို၍ကောင်းမွန်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးနောင်းနောင်းဟန်က “ခရီးသွားဝန်ဆောင်မှုတွေကို မြန်မာငွေနဲ့ပဲ သတ်မှတ်ပြီး ရောင်းချလို့ရှိရင် မြန်မာငွေ တန်ဖိုး ပိုပြီးခိုင်မာလာမှာပဲ။ ဒါကတော့ နိုင်ငံ့စီးပွားရေးမှာ အရေးပါတဲ့ အချက်ပါ။ အခုဆိုရင် လေကြောင်းလိုင်း တွေပဲဖြစ်ဖြစ် ဟိုတယ်တွေပဲဖြစ်ဖြစ် သူတို့ရဲ့ လေယာဉ်လက်မှတ်တွေ၊ အခန်းခတွေကို သတ်မှတ်တဲ့အခါမှာ ဒေါ်လာနဲ့သတ်မှတ်တယ်ပေါ့။ အဲဒီလို သတ်မှတ်တဲ့ဟာအစား မြန်မာငွေနဲ့သတ်မှတ်ပြီးတော့ ရောင်းချပေးမယ် ဆိုရင် သက်ဆိုင်ရာ သူတို့ရဲ့ ဘဏ်တွေကနေပြီးတော့ ရုရှားနိုင်ငံသားတွေရဲ့ ကတ်ထဲက ဖြတ်သွားတဲ့အခါမှာ ရူဘယ်နဲ့ဖြတ်သွားပြီးတော့ ရူဘယ်နဲ့ မြန်မာငွေနဲ့ ကြားမှာ တိုက်ရိုက်ချိတ်ဆက်မှုတွေ ဖြစ်လာနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဒါက ပိုပြီးတော့ အရေးကြီးပါတယ်။ ကျနော်တို့ ဒေါ်လာမှီခိုနေရမှုကိုလည်း လျှော့ချနိုင်ပါ တယ်။ ပြည်တွင်းမှာရှိတဲ့ ခရီးစဉ်တွေ အကုန်လုံးကို ကျပ်ငွေနဲ့ လုပ်ထားလိုက်ရင်။ ကျနော်တို့ဆို ပြီးခဲ့တဲ့နှစ်တွေ တုန်းက ဝင်ကြေးတွေက အရင်က ဒေါ်လာတွေနဲ့ ကောက်ရာကနေ ဝင်ကြေးတွေကို မြန်မာငွေနဲ့ ပြောင်းလဲ ကောက်ခံလိုက်တဲ့အတွက် အများကြီး ဒေါ်လာကို လျှော့ချသွားတယ်လေ။ အဲဒီလိုမျိုး ဝန်ဆောင်မှုတွေကို မြန်မာငွေနဲ့ သေသေချာချာလေး သတ်မှတ်ပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင် အဆင်ပြေပါတယ်”ဟု ပြော သည်။

မန္တလေးမြို့ ဦးပိန်တံတားအနီးတွေ့ရတဲ့ ခရီးသွား ဧည့်သည်များ (AP)

ထိုင်း၊ တရုတ်၊ စင်ကာပူ အစရှိသည့် နိုင်ငံများသည် ၎င်းတို့ သက်ဆိုင်ရာနိုင်ငံ၏ သုံးစွဲသော ငွေကြေးကို ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားများအား လဲလှယ်စေကာ သုံးစွဲခိုင်းခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ထိုသို့ လုပ်ကိုင်ရန်မှာ မလွယ်ကူလှကြောင်း ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ပြန်ပြီးတော့ export အတွက် earning ပဲ ဖြစ်ဖြစ် import အတွက် ဝယ်ရင်ပဲဖြစ်ဖြစ် ဒေါ်လာကို ပြန် ဝယ်ရတဲ့ အခါကျတော့ ဒီပိုက်ဆံကို အစိုးရဆီက ပြန်ရဖို့က မလွယ်ဘူး။ မီတာဘေလ်တွေ တခြားအခွန်အခတွေ ပေးတာကအစ ဒေါ်လာနဲ့ပေးရတာဆိုတော့ အဲဒီမှာ ကျပ်ငွေပြန်ပြီးတော့လည်း exchange rate မှာ ၂ မျိုးဖြစ် နေတဲ့ issue တွေက ရှိလာတယ်။ ရှိလာတဲ့အခါကျတော့ ဒေါ်လာနဲ့ပဲ ပေးရမယ်ဆိုတဲ့ ဒေါ်လာ demand များလေ ဒေါ်လာဈေးက မြောက်လေပဲ။ ကိုယ့်နိုင်ငံက export တွေ ကောင်းကောင်း လုပ်နိုင်နေတယ်။ နိုင်ငံခြားငွေတွေကို လည်း ပြန်ပြီးတော့ အခွန်က ရတယ်။ export earning တွေက ရတယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ ကိုယ့်နိုင်ငံမှာကလည်း export ကန့်သတ်ချက်တွေကရှိတယ်။ နောက် နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်နိုင်ဖို့၊ ဝန်ဆောင်မှု ပေးနိုင်ဖို့တွေကလည်း တဖြေးဖြေး လျော့ပါးလာတဲ့ အခြေအနေမျိုးတွေမှာ ဆိုရင်တော့ နိုင်ငံခြား ငွေနဲ့လဲပြီး လုပ်ရမယ်ဆိုတာက အိပ်မက်ပဲဖြစ်နိုင်မှာပါ။ လက်တွေ့လုပ်နိုင်ဖို့က တစ်ဖက်ကအလုပ်တွေ အများ ကြီး လုပ်ရမယ်” ဟု ပြောသည်။

ရွှေတိဂုံဘုရားရောက် နိုင်ငံခြားသားခရီးသွားများ (MWD)

နစကအစိုးရ၏ ပြီးခဲ့သည့် ရုရှားခရီးစဉ်တွင် နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြ သည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍လည်း အများအပြား မျှော်လင့်ထားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။

ရုရှားနိုင်ငံသား ခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာစေရန် နှစ်နိုင်ငံ လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲ နိုင်ရေးကို အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ရုရှားနိုင်ငံမှ ကိုယ်စားလှယ်များသည် နိုင်ငံခြားခရီးစဉ်အဖြစ် လာရောက်ခြင်းများသာရှိပြီး ခရီးသွားများ လာရောက်ခြင်း မရှိသေးကြောင်း၊ လာမည့် ပွင့်လင်းရာသီတွင် ရုရှားခရီးသွားများ ဝင်ရောက်လာနိုင်မည်ဟု ခန့်မှန်ထားကြောင်း သိရသည်။