CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ခရီးသွားပြပွဲများသို့ မြန်မာနိုင်ငံမှ သွားရောက်ပြသသော်လည်း လက်ရှိ လျှပ်စစ်မီးအခြေအနေနှင့် လုံခြုံရေး အာမခံချက်မရှိမှုတို့ကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုနှင့်ပတ်သက်၍ ထူးခြားမှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပုဂံဟိုတယ်ဇုန်)မှ ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

“နိုင်ငံတော်က ကိုယ့်အတွက်လည်း ဘာမှ အာမခံမပေးဘူး။ လုံခြုံရေးလည်း အာမခံမလားဆိုတော့ အာမမခံဘူး။ လျှပ်စစ်မီးလည်း မရဘူးဆိုတော့ သူတို့ Tourism Promotion က လုပ်လည်း ဖြစ်နိုင်တဲ့ အနေအထားမရှိပါဘူး။ regulation မကောင်းတော့ဘူးပေါ့။ မသိလို့လာမယ် သိရင်တောင် မလာတော့ဘူးပေါ့။ impact မကောင်း တော့ဘူးပေါ့။ တစ်နိုင်ငံလုံးရဲ့ ဆိပ်ကမ်းတွေရှိတယ်၊ တောတောင်တွေရှိတယ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိတယ် ဒါတွေပြောမှာပေါ့။ အဲဒါတွေပြမှာပေါ့။ သူတို့ကတော့ လှတာကတော့ ဒီအလှအပကိုတော့ ကြည့်ချင် ကြတာပေါ့။ ဒါပေမယ့် အခြေခံလိုအပ်ချက်က မီးမှမရှိတာကြီး။ ဒီ infrastructure မှာ electricity က အဓိက အကျဆုံးပဲ။ နောက်တစ်ခါ လုံခြုံရေးရော ဘယ်သူက အာမခံမှာတုန်း။ ဘယ်သူမှ အာမခံမှာ မဟုတ်ဘူး။ ရုရှားနဲ့ လုပ်မယ့် မီနီပရောဂျက်လေးတွေပေါ့လေ။ နျူကလီးယား ပလန်လေးတွေ လုပ်နိုင်မယ်ဆိုရင်တော့ ဒါကလည်း ချက်ချင်းလုပ်လို့ ချက်ချင်းဘယ်ရပါ့မလဲ” ဟု ၎င်းက ပြောသည်။

 နိုင်ငံခြားသားခရီးသွားများ

လာမည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပနိုင်ငံများ၌ ကျင်းပပြုလုပ်မည့် ခရီးသွားပြပွဲများသို့ မြန်မာနိုင်ငံမှ ခရီးသွား ကုမ္ပဏီအချို့သည် သွားရောက်ပြသရန်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက သိရသည်။

ကိုဗစ်မတိုင်ခင် ကာလများကလည်း ခရီးသွားပြပွဲများ၌ သွားရောက်ပြသမှုများရှိခဲ့ပြီး လက်ရှိ ကိုဗစ်အလွန် ကာလတွင် ပြည်ပခရီးသွားဈေးကွက် ပြန်လည်ရရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သွားရောက်ပြသရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

“ပြည်ပခရီးသွားကုမ္ပဏီတွေရဲ့ စီစဉ်မှုနဲ့ လာတဲ့လူတွေ ပိုများလာနိုင်ပါတယ်။ အခုကကျတော့ အနောက်တိုင်း နိုင်ငံ တော်တော်များများမှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေက မြန်မာနိုင်ငံကို မရောင်းဘူးဆိုတဲ့ သဘောရှိတယ်ပေါ့။ tension လုပ်ထားတာလည်းပါတယ်။ နောက်တစ်ခါ အမေရိကန်နိုင်ငံရဲ့ ထုတ်ထားတဲ့ ခရီးသွား ကန့်သတ်ချက် တွေလည်း ပါတယ်။ ဒါတွေကို လိုက်နာပြီးတော့ ခရီးစဉ် မစီစဉ်ကြတာမျိုးတွေရှိတယ်ပေါ့။ အဲဒီတော့ ဒီခရီးသွား ပြပွဲတွေသွားရင် ကျနော်တို့ကို လူချင်းတွေ့ပြီးတော့ သူတို့က မေးတာမျိုးတွေရှိတယ်။ သူတို့သိချင်တဲ့ မေးခွန်း တွေ သူတို့အတွက်လုံလောက်တဲ့ အဖြေရတယ်ဆိုရင် ခရီးစဉ်တွေကို လာမယ့် ၂၀၂၃ မှာ ပြန်ပြီးစီစဉ်ကြမယ်။ သူတို့ရဲ့ လက်ကမ်းစာစောင်တွေမှာ မြန်မာနိုင်ငံကို ထည့်သွင်းကြေညာပြီးတော့ သူတို့က ရောင်းမယ်။ ကုမ္ပဏီ တွေ ရောင်းတော့မှ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေရဲ့ ချိတ်ဆက်မှုနဲ့ ရောက်ရှိလာတဲ့ခရီးသွားတွေ များလာမှာ ပါ။ ဒါကြောင့်မို့လို့ ဒီဈေးကွက်တွေကို ပြန်လည်ရရှိဖို့အတွက် ခရီးသွားပြပွဲတွေမှာ သွားရောက်ပြီးတော့ တစ်ဖက် နိုင်ငံတွေမှာရှိတဲ့ ခရီးသွားကိုယ်စားလှယ်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ သွားရောက်ပြီး တွေ့ဆုံရတာဖြစ်ပါ တယ်” သူက ပြောသည်။

ရန်ကုန်မြို့တစ်နေရာတွင် လုံခြုံရေးတပ်သားတစ်ဦးကို တွေ့ရစဉ်

လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်မည့် ခရီးသွားပြပွဲသို့ မြန်မာနိုင်ငံမှ ခရီးသွားကုမ္ပဏီ ၆ ခုမှ သွားရောက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းက သိရသည်။

ထို့အပြင် ရုရှားနိုင်ငံ၌ မတ်လတွင် ပြုလုပ်ရန်ရှိသည့် ခရီးသွားပြပွဲသို့လည်း မြန်မာနိုင်ငံမှ ခရီးသွားကုမ္ပဏီ ၆ ခုနှင့် လေကြောင်းလိုင်း ၁ ခု စုစုပေါင်း ၇ ခု သွားရောက်ပြသကြမည်ဖြစ်ကာ ထိုပြပွဲများတွင် ခရီးစဉ်များလည်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားရောက်ပြသမှုကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုသည် တစ်ဟုန်ထိုး အလုံးအရင်းဖြင့် တိုးတက် ဝင်ရောက်လာနိုင်ခြေမရှိဘဲ ရာခိုင်နှုန်းအနည်းငယ်စီဖြင့် ဖြေးဖြေးချင်း ဝင်ရောက်လာကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိတွင် ဟိုတယ်လုပ်ငန်းရှင်များသည် လျှပ်စစ်မီးမရရှိသဖြင့် မီးစက်များအား အသုံးပြုနေရသည့်အပြင် ဟိုတယ်သို့ လာရောက်တည်းခိုသည့် ခရီးသွား ဧည့်သည်များမှာ နည်းပါးသည့်အတွက် မီးစက်အသုံးပြုရသည့် ကုန်ကျစရိတ်နှင့် မကိုက်ကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။