CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သည့်အခါ ယူဆောင်လာသည့် နိုင်ငံခြားငွေများကို ငွေလဲ ကောင်တာများတွင် လဲလှယ်ရာ၌ တင်းကြပ်စိစစ်မှုများကို ပြုပြင်ဖြေလျှော့သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ယခင်ကတည်းက ပြည်ပခရီးသွားများ ငွေလဲလှယ်ရာတွင် အပြစ်အနာဆာ ရှိ၊ မရှိ တစ်ရွက်ချင်း သေချာစွာ စိစစ်သည့်အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားများအတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတိုးတက်စေရန် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ဖြေလျှော့ပေးမည်ဆိုပါက ကြီးမားသော ဖြေလျှော့မှုဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“ဖြေလျှော့ပေးသင့်တဲ့အချက် အကြီးကြီးထဲမှာ ပါတယ်ပေါ့။ အခုဆိုရင် နည်းနည်းလေး မှင်စွန်းလည်း မယူဘူး။ မှင်ရာလေးရှိတာနဲ့ ခေါက်ရာလေး နည်းနည်းရှိလည်းမယူကြဘူး။ ဆိုတော့ သူတို့က ဒီငွေကြေးကို ပစ္စည်းတစ်ခု လို တန်ဖိုးထားပြီးမှ နည်းနည်းပါးပါးနွမ်းနေရင်လည်း တချို့က ယူပေးပါတယ်၊ ဈေးတွေ လျော့ပေးတာတို့ ဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့။ ပြီးတော့ နိုင်ငံတကာလာတယ်။ သူတို့ဆီမှာကြတော့ အဲဒါတွေ သိပ်မရှိဘူး။ ဆိုတော့ ကျနော်တို့ဆီ အဟောင်းတွေပေးလို့မယူရင် သူတို့တော်တော်အံ့သြတယ်။ သူတို့ဆီမှာလည်း တခါ တလေကျရင် အဟောင်းတွေပဲ ပါတာကို။ အသစ်တွေမှ မပါတာ။ အဲဒီစနစ်ကြီးကတော့ တကယ်တမ်း ပပျောက် ရင် ကောင်းတာပေါ့။ နိုင်ငံခြားသားတွေလာရင် သူတို့ပိုက်ဆံကို ဖင်ကြည့်၊ ခေါင်းကြည့် မယုံသင်္ကာသလို ကြည့်ဆိုတော့ သူတို့စိတ်ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက်တော့ ဖြစ်တယ်လေ။ ကြီးကြီးမားမားတော့မထိခိုက်ပေမယ့် စိတ်အ‌နှောင့်အယှက်ဖြစ်တဲ့အတွက် သူတို့တွေဆီမှာ ပါသွားမှာပေါ့။ ပြောစရာလေးတစ်ခုဖြစ်တာပေါ့လေ” ဟု ၎င်းကပြောသည်။

ထို့ကြောင့် ပြည်ပခရီးသွားများ နိုင်ငံခြားငွေလဲလှယ်ရာ၌ တင်းကြပ်စိစစ်မှုသည် မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ်ကို ကျဆင်းစေသဖြင့် အမှန်တကယ် ပြုပြင်ပြောင်းလဲသင့်သည့် အချက်တစ်ခုဖြစ်ကြောင်းလည်း အကြံပြုကြသည်။

ရန်ကုန်လေဆိပ်အတွင်းရှိ ငွေလဲကောင်တာတစ်ခုတွင် ငွေကြေးလဲလှယ်ရန် စောင့်ဆိုင်းနေကြသည့် နိုင်ငံခြားသားခရီးသွားများ 

အခြားအိမ်နီးချင်းနိုင်ငံများ၌ ခရီးသွားကဏ္ဍတိုးတက်ခြင်းတွင် နိုင်ငံခြားငွေကြေးနှင့်ပတ်သက်၍ တင်းကြပ် စိစစ်မှု မရှိသည့်အတွက် ပြည်ပခရီးသွားများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်မှု ကင်းဝေးသည့်အတွက် သွားရောက် လည်ပတ်ကြခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ဝေဖန်ထောက်ပြကြသည်။

ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက “အဲဒါကတော့ အဓိကက ဗဟိုဘဏ်ရဲ့ ပေါ်လစီပါ။ ဗဟိုဘဏ်ကတော့ စာအနေနဲ့ကတော့ ထုတ်ထားတယ်။ ဒါပေမယ့် သူတို့ကပဲ အဓိက ငြင်းပယ်တာပေါ့။ ဒါတွေမရဘူး ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆို။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အခါကြတော့ အောက်ခြေကလည်း ဒီ‌ဒေါ်လာက တန်ဖိုးရှိတာကို။ အတုတွေကလည်း ပေါ်တယ်။ အရွက်အကြီးတွေက အတုများတယ်။ အရွက်ကြီးတွေက အတုများတော့ ခေါင်း ကြီး၊ ခေါင်းသေး တွေကလည်း ဖြစ်လာတယ်။ စုတ်တာမှမဟုတ်ဘူး။ ခေါက်တာမှမဟုတ်ဘူး။ အမေရိကားမှာ ဆိုရင်တော့ နံပါတ် ပါရင်ရတယ်။ ဘယ်လောက်ပဲ စုတ်ပြဲပြဲ ပေးလို့ရတယ်။ ကျနော်တို့က ‌ဒေါ်လာကို တယုတယ ထားရတဲ့ ပုံစံ ဖြစ်နေတာပေါ့။ ဒါကတော့ ပေါ်လစီ လက်ခံတယ်ဆိုရင် အောက်ခြေတွေကလည်း လက်ခံမှာပါ။ သိပ် sensitive ဖြစ်တာတော့ မကောင်းဘူးပေါ့။ တော်ရုံတန်ရုံလောက်ကတော့ ခွင့်ပြုသင့်တယ်လို့ထင်တယ်။ ဒါကိုခွင့်ပြုဖို့ကလည်း တော်ရုံတန်ရုံ ဗဟိုဘဏ်ကနေ ကြေညာထားမယ်။ ဘယ်လိုပုံ ကာလာမျိုးဆိုရင်တော့ လက်မခံဘူး၊ ဘယ်လိုဒေါ်လာမျိုးလောက် အထိတော့ ခွင့်ပြုမယ်။ ဒါတွေကို စာနဲ့ထုတ်မယ်၊ တကယ် လက်တွေ့ လည်း ကောင်တာတွေမှာ သူတို့သွားလဲတဲ့အခါကြရင် ဒါတွေကို လက်ခံတယ်ဆိုရင် အောက်က ယုံကြည်မှု ရှိလာတာပေါ့။ အောက်က လက်ခံလိုက်ပြီးတော့မှ နောက်မှ နိုး လို့ပြောတဲ့အခါကြတော့ သူတို့အတွက်လည်း အလျော်အစားက ကြီးတယ်လေ” ဟု ပြောသည်။

ပြည်ပခရီးသွားများ နိုင်ငံခြားငွေလဲလှယ်သည့်အခါတွင် ဟောင်းနွမ်းခြင်း၊ အနည်းငယ်ပြဲနေခြင်း၊ ခေါက်ရာ ပါနေခြင်း စသည်တို့ပါရှိသဖြင့် လဲလှယ်ခွင့်မရသော အခြေအနေနှင့်ပတ်သက်၍ ပြည်ပခရီးသွားအချို့က ရုပ်သံမှတ်တမ်းရိုက်ကူးမှုများလည်း ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းတွင် ပြည်ပခရီးသွား အများအပြားဝင်ရောက်လာစေရန် visa free နှင့် ဆိုက်ရောက်ဗီဇာ (visa on arrival) ပေးခြင်းများကို ဆောင်ရွက်နေသဖြင့် လာမည့် ပွင့်လင်းခရီးသွားရာသီတွင် နိုင်ငံခြားငွေကြေးနှင့်ပတ်သက်၍ သေချာစွာ တင်းကြပ်စိစစ်ပြီးမှ လဲလှယ်ပေးခြင်းအား ဖြေလျှော့သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်နှင့် ဟိုတယ်လုပ်ငန်းရှင်များက အကြံပြုသည်။