CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇

နိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခရီးသွား လုပ်ငန်းကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုတွင် ဦးဆောင်နေရာမှ ရပ်တည်နေ သည့် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်တွင်ရှိသည့် လုပ်သားဦရေ ၁၀ ဦးလျှင် ၁ ဦးသည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ အမျိုးသမီးနှင့်လူငယ်များ အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု အခွင့်အလမ်းလည်း များစွာမြင့်မားကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ခရီးသွားလုပ်ငန်းရေရှည် တိုးတက်ရန် ပြည်သူများအတွက် ရင်းနှီးမြှုပ်နှံကြ ရန် အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်ကို သက်ဆိုင်သူများက အလေးထား ကြရန်လိုကြောင်း၊ ရေရှည် တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေသည့် ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် ခရီးသွား လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦးများကို တည်ဆောက်ရာ၌ သဘာဝ သယံဇာတများကို အကျိုးရှိစွာ အသုံး ပြုပြီး စွမ်းအင်ချွေတာရေး နည်းလမ်းများနှင့် ဆောင်ရွက်သည့် အစိမ်းရောင် အဆောက်အဦးများ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရန် လိုအပ်သည်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ကျင်းပနေစဉ်

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင် ငွေ ရှာဖွေပေးနိုင်ခြင်း၊ အလုပ်ကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင် ငွေများ တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းများနှင့် စီးဝင်စေခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိစေ နိုင်သည့် မီးခိုးမထွက်သည့်စက်ရုံ တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ခရီးသွားများ ဝင်ရောက်လာနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် စတင်ပြေးဆွဲခွင့်ပြုခဲ့သလို ကမ္ဘာလှည့် E-Visa ကိုလည်း မေလ ၂၀ ရက်က စတင် ခွင့်ပြုပေးခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်တွင် လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် စသည့် နိုင်ငံတကာ ဝင်ပေါက်များကနေ နိုင်ငံတကာ ခရီးသွား စုစုပေါင်း ၂ သိန်းကျော် ဝင်ရောက်ခဲ့သည်။ ထိုအရေအတွက်သည် ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်း ကျော် တိုးတက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

Bagan ဒေသကိုတွေ့ရစဉ်

လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၆ သိန်းကျော် ဝင်ရောက်ခဲ့ ကြောင်း၊ အလားတူ ကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်နှစ်က ၁ သိန်းကျော်သာ ဝင်ရောက်ခဲ့သည့် အတွက် ၆ ဆခန့် တိုးတက်လာခဲ့သည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည် ဦးမော့ လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက် ရှိသည့် နေရာတွင် နိုင်ငံ၏ စီးပွားရေးကို အထောက်အကူ ပြုစေမည့် ခရီးသွားလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက် သွားကြရန် လိုကြောင်း၊ မကြာတော့သည့် ကာလတစ်ခု၌ ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင် မီ ကာလ အခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ခရီးသွားပြည်သူများကတော့ မြန်မာနိုင်ငံသည် ခရီးသွား ရာသီတွင် ဟိုတယ် ဈေးနှုန်းများကို အဆမတန် တိုးမြင့်သွားခြင်း၊ အစားအသောက် ဈေးနှုန်းများနှင့် ဒေသထွက် ပစ္စည်း ဈေးနှုန်းများ တိုးမြင့်သွားခြင်း၊ ခရီးသွား လက်မှတ်ခများ တိုးမြင့်သွားခြင်း စသည့် အခြေအနေများကို ထိန်း ကြောင်း မပေးနိုင်ပါက ခရီးသွားကဏ္ဍမှာ တခြားသော နိုင်ငံများနှင့်နှိုင်းယှဉ်ပါက နောက်ကျနေနိုင်ကြောင်း ပြောသည်။

လက်ရှိ ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းကြောင့် လုံခြုံရေး စိုးရိမ်မှုများ ရှိနေခြင်းနှင့် လည်ပတ်စရာများ မှာလည်း ယခင်နှစ်နှင့် ယခုနှစ် တူညီနေခြင်းကြောင့် ခရီးသွားဏ္ဍတိုးတက်ရန် နှောင့်နှေးနေစေသည်ဟု ပြည်တွင်းခရီးသွားများက ထောက်ပြကြသည်။