CNI International News

ဟောင်ကောင်၊ အောက်တိုဘာ ၂၇

ဒစ်ဂျစ်တယ် ငွေကြေးများသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးတွင် အလွန်အင်အားကြီးပြီး အနှောင့်အယှက် ပေးနိုင်သည့် လက်ကိုင်တုတ် တစ်ခုဖြစ်လာကာ အရေးကြီးလာသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့နောက် ပဋိပက္ခဖြစ်နေသည့် အချိန်များတွင် ဘဏ္ဍာရေးဆိုင်ရာ စစ်မြေပြင်ကို အခြေခံကျကျ ပုံဖော်လာနိုင် ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ထုတ်ဝေသည့် Study Times သတင်းစာ၏ ဆောင်းပါး၌ ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများတွင် ဒစ်ဂျစ်တယ် ငွေကြေးများကို စစ်ဘက်ဆိုင်ရာနှင့် မဟာဗျူဟာ နည်းလမ်းများ အရ အသုံးပြု လာကြသည်ဟုလည်း ထိုဆောင်းပါး၌ ဖော်ပြထားသည်။

ဒစ်ဂျစ်တယ် ယွမ်ငွေ (e-CNY) ကို တွေ့ရစဉ်

ဒစ်ဂျစ်တယ် ငွေကြေးသည် နိုင်ငံများအတွက် ပိတ်ဆို့မှုများကို ရှောင်လွှဲရန်၊ စစ်ပွဲကာလ စစ်ဆင်ရေးများကို ငွေကြေး ထောက်ပံ့ပေးနိုင်ရန်နှင့် စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် အထောက်အကူ ပြုနိုင်သည်ဟု ဆိုသည်။

ဒစ်ဂျစ်တယ် ငွေကြေးများသည် လျှင်မြန်လုံခြုံပြီး အမည်မဖော်ဘဲ ငွေလွှဲပြောင်းမှုများ ပြုလုပ်နိုင်သဖြင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ထိန်းချုပ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ဘဏ်စနစ်ကို ရှောင်လွှဲလိုသော အစိုးရများနှင့် အဖွဲ့အစည်းများအတွက် အသုံးဝင်ကြောင်း ဆောင်းပါးရှင် ရှူးကျီချန်း (Xue Zichen) က ရေးသားခဲ့သည်။

၂၀၂၅ ခုနှစ် အမေရိကန် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေတွင် ပင်တဂွန်၏ Defense Blockchain Internal Testing Program အမည်ရှိ စီမံကိန်းတစ်ခု ပါဝင်ခဲ့သည်ဟု ရှူးက ရေးသားခဲ့သည်။

ထိုစီမံကိန်းသည် အချက်အလက်များကို လုံခြုံစွာနှင့် ပွင့်လင်းမြင်သာစွာ သိမ်းဆည်းနိုင်သည့် ဒစ်ဂျစ်တယ် စနစ်နှင့် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို အမေရိကန်စစ်တပ်နှင့် ကာကွယ်ရေးကဏ္ဍအတွက် အသုံးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုအခြေအနေများကြောင့် ဒစ်ဂျစ်တယ် ငွေကြေးများသည် မကြာမီ အချိန်အတွင်း နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွင် မဟာဗျူဟာမြောက် လက်နက်တစ်ခု ဖြစ်လာမည်ကို ပြသနေကြောင်း ဆောင်းပါး၌ ဖော်ပြထား သည်။

ဒစ်ဂျစ်တယ်ငွေကြေး ဘဏ်ကိုတွေ့ရစဉ်

တရုတ်အနေဖြင့် ဒစ်ဂျစ်တယ် ငွေကြေးများကို စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုမည့် အစီအစဉ်ကို ထိုဆောင်းပါးတွင် ဖော်ပြမထားပေ။

သို့သော် တရုတ်အစိုးရသည် ပိတ်ဆို့မှုများ ဖြစ်ပွားလာပါက အမျိုးသားလုံခြုံရေးနှင့် စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုကို စိတ်ချသေချာစေရန်အတွက် ဒစ်ဂျစ်တယ်ငွေကြေး နယ်ပယ်ကို ထိန်းချုပ်ခြင်း၊ သုတေသနပြုခြင်းများကို တင်းကျပ်သင့်ကြောင်း ဆောင်းပါးတွင် အကြံပြုရေးသားထားသည်။

တရုတ်သည် ယခင်ကတည်းက ဒစ်ဂျစ်တယ် ယွမ်ငွေ (e-CNY) ဟု လူသိများသည့် ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး (CBDC) တစ်ခုကို ထူထောင်ထားပြီး ထိုငွေကြေးစနစ်ကို မြို့ကြီးအချို့တွင် စမ်းသပ်အသုံးပြုနေသည်။

e-CNY ငွေကြေးစနစ်အရ အာဏာပိုင်များသည် နိုင်ငံတကာ ငွေကြေးကွန်ရက် တစ်ခုဖြစ်သည့် SWIFT ကဲ့သို့ အမေရိကန်က ထိန်းချုပ်ထားသည့် ငွေကြေးပေးချေမှု စနစ်များအပေါ် မှီခိုမှုမှ လျှော့ချနိုင်မည်ဖြစ်ကာ ငွေကြေး လွှဲပြောင်းမှုများကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ဒစ်ဂျစ်တယ် ငွေကြေးများကို အသုံးပြုနိုင်မည်ဆိုပါက ထိုအခြေအနေသည် ကမ္ဘာ လုံးဆိုင်ရာ ဘဏ္ဍာရေး အခြေအနေကို ပြန်လည် ပုံဖော်နိုင်မည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ စီးပွားရေး ဖိအား များကို ခံနေရသည့် နိုင်ငံများသည် တရုတ်၊ ရုရှားနှင့် အီရန်ကဲ့သို့ နိုင်ငံများကို ပိုမိုမှီခို အားထား လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

သို့သော် ထိုအခြေအနေသို့ ရောက်ရှိခဲ့ပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ တန်ပြန် ဘဏ္ဍာရေး အစီအစဉ်များကြောင့် တင်းမာမှုများလည်း မြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: South China Morning Post