CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

အိမ်နီးချင်းနိုင်ငံများကို တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်နေပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့လည်း မကြာမီ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ ခရီးသွားချင်သည့် ၎င်းတို့၏ ပြည်သူများကို ခရီးသွားခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ဝင်ရောက်ရန်အတွက်လည်း မန္တလေးနှင့် တရုတ်နိုင်ငံ ကွမ်ကျိုးကို လေကြောင်းလိုင်း ပျံသန်းမှုများ စတင်နေပြီဖြစ်သည့်အတွက် ရန်ကုန်၊ မန္တလေးနှင့် ပုဂံဒေသသို့ တရုတ်ခရီးသွား အများအပြား ဝင်ရောက်လာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်း ဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်နိုင်ငံက သူက ခရီးသွားတွေ အရေအတွက်ကလည်း များတယ်ပေါ့နော်။ အခု တရုတ်နိုင်ငံမှာလည်း ခရီးသွားချင်တဲ့ လက်ရှိက အပြင်ထွက်ချင်တဲ့ ခရီးသည်တွေက များတယ်။ ဒါ့ကြောင့်မို့လို့ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် အလားအလာ ကောင်းတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ အခုဆိုရင် အိမ်နီးချင်း နိုင်ငံတွေကို တရုတ်ခရီးသွားတွေ စပြီးတော့ ဝင်နေပြီပေါ့နော်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း အကုန်လုံး ဝင်ရောက်နေပြီ ပေါ့လေ။ အဲတော့ ဒီလိုဝင်ရောက်နေတဲ့ အပေါ်မှာ မြန်မာနိုင်ငံအနေနဲ့လည်း ဈေးကွက် ဝေစု ရရှိနိုင်တယ်။ ဒီ အတွက်ကြောင့် အဓိက လိုအပ်တဲ့ လေကြောင်းပျံသန်းမှုတွေကိုလည်း မန္တလေးနဲ့ တရုတ်နိုင်ငံနဲ့ စပျံပြီပေါ့လေ။ တရုတ်နိုင်ငံ လေကြောင်းလိုင်း စဝင်လာပြီ။ လေကြောင်းလိုင်းတွေ ပျံနေတဲ့ ကွမ်ကျိုးကို MAI ကလည်း ပျံနေ တယ်။ ဆိုတော့ လေကြောင်းပျံသန်းမှုတွေ ဒီထက်များလာပြီးတော့ ခရီးသည်တွေ ပိုများလာဖို့ပဲ ရှိပါတယ်။ ပြီး တော့ တရုတ်နိုင်ငံသားတွေရဲ့ စိတ်ဝင်စားမှုက မန္တလေး၊ ကျောက်စိမ်းရယ်၊ ဈေးဝယ်တာတွေ ဖြစ်တယ်ပေါ့နော်။ အဲတော့ ခရီးသွားမြို့ကြီးတွေထဲမှာလည်း လက်ရှိ လုံခြုံရေးအရလည်း ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိတယ်။ တည်ငြိမ်မှုရှိတဲ့ ခြေအနေ ဖြစ်တဲ့အတွက် မန္တလေးလို နေရာမျိုးတွေကို တရုတ်လူမျိုးတွေ လာရောက်ဖို့အတွက် စိတ်ဝင်စားတယ်ဆိုတာလည်း မဆန်းပါဘူး။ ဒီထက်လည်း ပိုတိုးလာဖို့ ရှိပါတယ်။ ဒါကြောင့် မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးလို နေရာမျိုးမှာ ခရီးသွားတွေ များလာမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တရုတ်ခရီးသွားတွေက ရက်ရှည်လည်တာ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ နေရာအနှံ့ကို သွားလာခြင်း မရှိဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ နောက်တစ်ခါ ခရီးသွားတွေ အသွားအများဆုံးဖြစ်တဲ့ ပုဂံလောက်ကို ဒီ ၃ ခု ကိုတော့ တရုတ်ခရီးသွားတွေ သွားနိုင်တယ်လို့ ကျနော်တို့လည်း ယူဆတယ်။ တရုတ်ခရီးသွားတွေ အများကြီး ဝင် ရောက်နိုင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

ဦးပိန်းတံတားက ခရီးသွားများကိုတွေ့ရစဉ်

မြန်မာနိုင်ငံကို တရုတ်နိုင်ငံ ခရီးသွားများ နှစ်စဉ် ၁ သန်းနီးပါး ဝင်ရောက်လေ့ရှိသော်လည်း လက်ရှိတွင် လေကြောင်းလိုင်း ပြေးဆွဲမှု နည်းပါးနေခြင်းနှင့် နယ်စပ်ဝင်ပေါက်ဂိတ်များ ဖွင့်လှစ်စ ကာလဖြစ်သည့်အတွက် တရုတ်ခရီးသွားများ သန်းနှင့်ချီ၍ မဝင်နိုင်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ဝင်ရောက်လာပါကလည်း စောင့်ရှောက် ပေးနိုင်မှုသည် နိုင်နင်းသည့် ပမာဏ ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်ခရီးသွား သောင်းကဏန်းခန့် ဝင်ရောက်လာနိုင်သည်ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
၎င်းက “နိုင်ငံရဲ့ အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေပေါ် မူတည်ပြီးတော့ ကျနော်တို့ ဖွင့်ပေး တာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံ အနေနဲ့ကတော့ နိုင်နင်းတဲ့ ပမာဏမှာ ရှိတယ်လို့ထင်တယ်။ တစ်ခုရှိတာက တရုတ်နိုင်ငံက ဖွင့်လို့ လာမယ်လို့ ပြောပေမယ့် သိန်းနဲ့ချီ ဝင်ရောက်မှုတော့ မဟုတ်နိုင်သေးဘူး။ ဥပမာ flight လေး တစ်ကြောင်း၊ နှစ်ကြောင်းဆွဲရင် ခရီးသည်ပါလာရင် ၁၅၀၊ ၂၀၀ ပဲ။ ပိုပါလာမှာ မဟုတ်ဘူးလေ။ အဲတော့ ခရီးသည် ထောင်ကဏန်းလောက်ပဲ ရောက်ဖို့ ရှိပါသေးတယ်။ ဒီခရီးသည် ပမာဏလောက်ကလည်း ကျန်းမာရေး အရ တစ်ခုခု ဖြစ်မယ်ဆိုရင် စောင့်ရှောက်ပေးနိုင်တဲ့ အရေအတွက်ဖြစ်တယ်။ အကယ်၍ ခရီးသည် သိန်းနဲ့ သန်းနဲ့ ချီပြီး လာမယ်ဆိုရင်တော့ ကျနော်တို့မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခြေခံ အဆောက်အအုံတွေ၊ ဒါတွေ ပြန်ပြင် ဆင် ရမှာတွေ ရှိပါတယ်။ အခုက နည်းနည်းပဲ လာမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။ အများကြီး မဟုတ်ပါဘူး အရမ်းကြီး စိုးရိမ်စရာ မရှိပါဘူး။ နယ်စပ်ရောဆို ခရီးသည် တစ်သိန်းနီးပါးလောက် လာထားတာ ကျနော်တို့ တွေ့ရ တယ်။ နယ်စပ်ဒေသ ဝင်တာရော ခရီးသည် တစ်သန်းနီးပါးလောက် ဝင်တယ်။ အခုက နယ်စပ်ဘက်ခြမ်းမှာလည်း အခုမှ ပြန်ဖွင့်တာဆိုတော့ ဝင်ရောက်မှုက နည်းနေသေးတယ်။ အခု ဒီနှစ်မှာ လာမယ်ဆိုရင်တော့ ကျနော်တို့ ထင် သလောက်ကတော့ သောင်းကဏန်းလောက်ပဲ လာအုံးမယ် ထင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံခြားခရီးသွားများကိုတွေ့ရစဉ်

လက်ရှိတွင် ဥရောပ ခရီးသွားများ ဝင်ရောက်မှု နည်းပါးနေသည့်အတွက် တရုတ်နိုင်ငံ ခရီးသွားများ ဝင်ရောက် လာပါက ပုဂံဟိုတယ်များ အနေဖြင့် တရုတ်ခရီးသွားများအပေါ် ၅၀ ရာခိုင်နှုန်း အားထားရမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လေယာဉ်တွေ လာရင်တော့ ဝင်လာမှာပါ။ European မရှိတော့ သူတို့ပဲ အားကိုးရမှာ။ သူတို့လာရင်တော့ သူတို့ပေါ်မှာ ရာခိုင်နှုန်း ၅၀ က သူတို့ကို မှီခိုရမယ့် သဘောရှိတယ်။ ပုဂံကတော့ သူတို့လာမှာပါ။ တစ်ရက်တော့ အနည်းဆုံး လာပါတယ်။ အန်ကယ်တို့ကတော့ တရုတ်အတွက်ရယ် မဟုတ်ပါဘူး။ ဧည့်သည်တွေ အားလုံးအတွက် အကုန်လုံးက ready လုပ်နေတာပါ။ ပုဂံမှာရှိတဲ့ ဟိုတယ် တော်တော်များကပေါ့လေ။ ပိတ်ထားတဲ့ ဟိုတယ်တချို့ ကလွဲရင်ပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ နှစ်စဉ် ခရီးသွား လာရောက်မှုတွင် တရုတ်က အများဆုံးဖြစ်ပြီး ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ခရီးသွား ဝင်ရောက်မှုက အများဆုံး ဖြစ်သွားကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံက ခရီးသွားများ ပြန်လည် ဝင်ရောက်နေပြီ ဖြစ်သည့်အတွက် ယခုလမှစတင်၍ တရုတ်ခရီး သွား ဝင်ရောက်မှုသည် အများဆုံး ပြန်လည် ဖြစ်သွားနိုင်သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။