CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်တွင် ယခုနှစ် ရော်ဘာရာသီ၌ ရော်ဘာထွက်ရှိမှုနှုန်းသည် ယခင်နှစ်ထက် လျော့ကျနေကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ထိုသို့ ရော်ဘာထွက်နှုန်း လျော့ကျသွားခြင်းမှာ ရော်ဘာအတွက် လိုအပ်သည့် သွင်းအားစုစရိတ် မြင့်တက်နေခြင်း၊ ရော်ဘာအစေးများ ထွက်ရှိရန်အတွက် ထည့်သွင်းရသည့် ဆေးများ လိုအပ်သလောက် မထည့်နိုင်ခြင်း၊ တချို့သော နေရာများတွင် နယ်မြေ မတည်ငြိမ်မှုများကြောင့် ရော်ဘာထုပ်လုပ်ရန် အခက်အခဲ ရှိနေခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ရော်ဘာစေးအရည်များကိုတွေ့ရစဉ်

ရော်ဘာနည်းပညာ အကြံပေးတစ်ဦးဖြစ်သူ ဦးထွန်းသိန်းက “အထွက်နှုန်းကတော့ မနှစ်ကနဲ့ ယှဉ်လိုက်ရင်တော့ ကျတယ်။ ကျရတဲ့ အကြောင်းရင်းက ရာသီဥတုက မိုးနှောင်းကျတယ်။ မိုးနှောင်းကျလို့ အစေးထွက်နည်းလို့ ကျသွားတာ ရှိတယ်။ နောက်တစ်ချက်က တချို့နေရာတွေက သွားလာလို့ မရတဲ့အတွက်ကြောင့် အစေးမလှီးတဲ့ အတွက်ကြောင့် အထွက်နှုန်း ကျသွားတာ ရှိတယ်။ တချို့ကတော့ သွင်းအားစု မသုံးနိုင်လို့ ကျသွားတာ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ရော်ဘာ ရာသီအစတွင် သွင်းအားစု မထည့်နိုင်ခြင်းကြောင့် အရင်နှစ်ကထက် အထွက်နှုန်းသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျနေမှုများရှိခဲ့ကြောင်း၊ လက်ရှိ အရွက်ကြွေ ကာလတွင်လည်း အထွက်နှုန်း ကျဆင်းနေသည့် အခြေအနေဖြင့် ရော်ဘာစိုက်တောင်သူ အများစု ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုများသည် ပုံမှန်ရှိနေကြောင်း၊ ကမ္ဘာ့ရော်ဘာဈေးနှုန်း ကျဆင်းနေခြင်း ကြောင့် ပြည်တွင်း ရော်ဘာဈေးနှုန်းသည်လည်း ကျဆင်းနေသည်။

ရော်ဘာတစ်ပေါင်လျင် ၁၂၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း၊ ရော်ဘာ အထွက်နည်းသော်လည်း စိုက်ပျိုးထားသည့် ရော်ဘာမျိုးကောင်း မကောင်းပေါ် မူတည်ပြီး တောင်သူများ၏ အကျိုးအမြတ် ရရှိမှု ကွာခြား သွားမည် ဖြစ်သည်ဟု ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြော သည်။

ရော်ဘာများ အခြောက်လှန်းထားစဉ်

၎င်းက “ဝယ်တာလည်း ပုံမှန်ပဲ၊ တင်ပို့တာလည်း ပုံမှန်ပဲပေါ့နော်။ ဒါပေမယ့် ရော်ဘာဈေးနှုန်းအနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် လက်ရှိ ကမ္ဘာ့ရော်ဘာ ပေါက်ဈေးတွေက ကျနေတာပေါ့နော်။ အကြမ်းအားဖြင့် ပြောမယ်ဆိုရင် ၁၆၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။ ကျနော်တို့ ရောင်းနေတဲ့ ၁၁၅၀၊ ၁၂၀၀ လောက်တော့ ရတယ်။ အဲဒီအပေါ်မှာ ဒေါ်လာ ဈေးနဲ့အညီ ဒေါ်လာဈေးနဲ့ မြှောက်ပြီးတော့ ဝယ်ရမယ့်ဈေးက အခု ရော်ဘာတစ်ပေါင်ကို ၁၂၀၀ နဲ့ ၁၃၀၀ ကြားတော့ ရတာပေါ့။ တောင်သူတွေက စိုက်ထားတဲ့မျိုး မှန်ကန်လို့ရှိရင် ထုတ်လုပ်မှုစရိတ် ကျမယ်ပေါ့။ အခု ၁၂၀၀ ဈေးနဲ့ ရောင်းမယ်ဆိုလို့ရှိရင် ကိုယ့်ထုတ်လုပ်မှုစရိတ် ကျဖို့ အရေးကြီးတာပေါ့။ ပေါင် ၅၀၀ ထွက်တဲ့ မျိုး ကတော့ ထုတ်လုပ်မှုစရိတ် မြင့်တယ်။ ပေါင် ၁၅၀၀ ထွက်တဲ့မျိုး ကျလို့ရှိရင် ထုတ်လုပ်မှု စရိတ်တွေက ကျမှာပေါ့။ အဲဒီအပေါ်မှာ အမြတ် အနည်းအများပေါ် မူတည်မှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ဝယ်ယူရသည့် မြေဩဇာဈေးနှုန်းများသည် ၃ သောင်းခန့်သာ ရှိသော်လည်း လက်ရှိတွင် ၁ သိန်း ကျော် ဖြစ်နေသည့်အတွက် ရော်ဘာဈေးနှုန်း ယခုထက် ကျဆင်းမည်ဆိုပါက အရှုံးနှင့် ရင်ဆိုင်ရမည်ကို တောင်သူ များက စိုးရိမ်နေကြသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး နှစ်စဉ် ရော်ဘာတန်ချိန် ၁ သိန်းကျော် ထွက်ရှိကာ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့လျက်ရှိကြောင်း၊ ရော်ဘာကဏ္ဍမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ရရှိနေ ခြင်းဖြစ်သည်။