CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀

မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီ အခက်အခဲကြောင့် စပါးစိုက်ပျိုးမှုနှုန်း ၁၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်း တောင်သူလယ်သမားအသင်းအဖွဲ့များက ပြောသည်။

တောင်သူများအတွက် စက်သုံးဆီခွဲတမ်းကို သီးသန့်ချပေးခြင်း မရှိသည့်အတွက် တောင်သူများသည် ပြင်ပတွင် စက်သုံးဆီ တစ်ပေပါကို ကျပ်သိန်း ၃၀ နီးပါး ပေးဝယ်နေရသည့်အပြင် ဝယ်မရသည့် အခက်အခဲများလည်း ဖြစ်ပေါ်နေသည်။

ထို့ကြောင့် ယခုနှစ် မိုးစပါးစိုက်ရာသီမှာ စပါးစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်း လျော့ကျသွားနိုင်သလို  စိုက်ပျိုးသည့် နေရာ တွင်လည်း ၅၀ ရာခိုင်နှုန်းက အဖြစ်သာ စိုက်ပျိုးသည့်ပုံစံ ဖြစ်သွားမည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “မိုးစပါးကတော့ လက်ရှိ အခြေအနေအရ ရေနံပေါ့၊ အကယ်၍ လောင်စာပေါ့။ ဒီဇယ် အဲဒီ စက်သုံးဆီက အခက်အခဲ ရှိမယ်ဆိုရင်တော့ နည်းနည်းပါးပါး လယ်တွေ အထွက်နှုန်း မသေချာ၊ ရဖို့မသေချာတဲ့ လယ်တွေက တော့ လုပ်ဖြစ်မှာ မဟုတ်ဘူးလို့။ တစ်မိုး နှစ်သီးလုပ်တဲ့ ကောင်တွေက တစ်သီးပဲ လုပ်တော့မှာပေါ့။ ဒီဧရာဝတီ တိုင်းမှာတော့ ဧရိယာအားဖြင့်တော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ လျော့သွားနိုင်တယ်။ တချို့က မဖြစ်မနေ လုပ်ကြ ရမှာကို။ ဒါပေမယ့် စနစ်တကျ ကျကျနန လုပ်တာရယ်၊ အပင်ပေါက်ပြီးတော့ လုပ်တာရယ်၊ အဲဒါမျိုးကျရင်တော့ လုပ်နိုင်တဲ့ အတိုင်းအတာက ၅၀ ရာခိုင်နှုန်းလောက် ကျသွားမယ်” ဟု ပြောသည်။

တောင်သူလယ်သမားများကို တွေ့ရစဉ်

စိုက်ပျိုးရေး လုပ်ငန်းများအတွက် စက်သုံးဆီ ရောင်းချရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ဖြင့် ဝယ်ယူခွင့် ပြုထားသော်လည်း လုံလုံလောက်လောက် မရရှိကြကြောင်း တောင်သူများက ပြောသည်။

ဆန်စက်လုပ်ငန်းရှင်များအသင်းက တစ်ခါတရံ စက်သုံးဆီ ခွဲတမ်းများကို တစ်ပေပါ ၁၉ သိန်းကျပ်နှုန်းဖြင့် ရောင်းချပေးသည့်အခါ ရှိသော်လည်း ပြင်ပတွင် တောင်သူများက ၂၆ သိန်းနှင့် သိန်း ၃၀ အထိ ပေးဝယ်နေရသည်။

ထို့ကြောင့် စက်သုံးဆီကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကနေတဆင့် ခွဲတမ်း ဖြင့် လုပ်ဆောင်ပေးမှသာ ပုံမှန်အတိုင်း စိုက်ပျိုးနိုင်မည်ဟု ကျောင်းကုန်းမြို့နယ်မှ လယ်သမား ဦးအေးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ဆိုင်ကိုတွေ့ရစဉ်

၎င်းက “မိုးစပါးစိုက်မယ့် ဧကကို သက်ဆိုင်ရာ ကျေးရွာအုပ်စုတွေမှာ စာရင်းရှိပြီးသား ဖြစ်ပါတယ်။ မြို့နယ် စိုက်ပျိုးရေးရုံးမှာလည်း စာရင်းရှိပြီးသား ဖြစ်တယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှာလည်း စာရင်းရှိပြီးသား ဖြစ်တယ်။ အဲဒီ စိုက်ပျိုးထွန်ယက်မယ့် လယ်တွေကို တစ်ဧကကို ၂ ဂါလံနှုန်းလောက် ထွန်ယက်ဖို့အတွက်။ ဥပမာ ဧက ၁ ထောင်လောက် ရှိတဲ့အုပ်စုဆိုလို့ရှိရင် ဂါလံ ၂ ထောင်၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်အုပ်စုလုံးစာအတွက် တာဝန်ယူပြီး လာထုတ်ပြီးတော့ ပြန်လည်ဖြန့်ဝေတဲ့ ပုံစံမျိုးနဲ့ လုပ်ပါမှ စိုက်ပျိုးရေး လုပ်ငန်းအတွက် အထောက်အကူ ပြုလိမ့်မယ်။ ကူညီရာရောက်မယ်၊ စိုက်ပျိုးရေးလုပ်ငန်း အထိအခိုက် မရှိဘဲနဲ့ နှစ်တိုင်းလိုပဲ လုပ်နိုင်လိမ့်မယ်လို့” ဟု ပြောသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်သော်လည်း တောင်သူများ စိုက်ပျိုးထားသည့် စပါးသည် တင်း ၁၀၀ လျှင် ငွေကျပ် ၁၂ သိန်းမှ ၁၆ သိန်းအထိသာ ရရှိကြပြီး တစ်ဧကလျှင် တင်း ၁၅၀ ထွက်ရှိမှသာ အကျိုးအမြတ်ရရှိနိုင်ကြောင်း၊  တင်း ၁၅၀ အောက် ထွက်ရှိသည့် တောင်သူများကတော့ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း တောင်သူများက ပြော သည်။ 

ထို့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကလည်း အရှေ့အလယ်ပိုင်းဒေသ၏ တိုက်ပွဲများကြောင့် စိုက်ပျိုး ရေးအတွက် လောင်စာဆီနှင့်  မြေဩဇာဈေးနှုန်း မြင့်တက်မှု၊ ဝယ်မရသည့် အခြေအနေနှင့် လျှော့ချသုံးစွဲနေ ရခြင်းသည် မြန်မာက အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ထားသည်။