CNI International News

တိုကျို၊ ဧပြီ ၉

အီရန်စစ်ပွဲသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီဖြစ်သော်လည်း ဂျပန်နိုင်ငံမှအစ အရှေ့တောင် အာရှနှင့် အိန္ဒိယနိုင်ငံအထိ အာရှအစိုးရများသည် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ရိုက်ခတ်မှုများ ဒဏ်မှ ပြည်သူများကို ကာကွယ်ရန်အတွက် ဒေါ်လာ ဘီလျံနှင့်ချီသော ထောက်ပံ့ကြေးများကို သုံးစွဲရန် ပြင်ဆင် နေကြကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ဂျပန်အစိုးရသည် စက်သုံးဆီ ဈေးနှုန်းကို ပျမ်းမျှအားဖြင့် တစ်လီတာလျှင် ၁၇၀ ယန်း ဝန်းကျင်တွင် ထိန်းထား နိုင်ရန်အတွက် အရန် ရန်ပုံငွေထဲမှ ယန်း ၈၀၀ ဘီလျံ (ဒေါ်လာ ၅ ဒသမ ၀၂ ဘီလျံခန့်) ကို ထုတ်ယူသုံးစွဲနေသည်။

ထိုကဲ့သို့ ဈေးနှုန်း တည်ငြိမ်အောင် ထောက်ပံ့ပေးရန်အတွက် တစ်လလျှင် ယန်း ၃၀၀ ဘီလျံအထိ ကုန်ကျနိုင်မည် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ ဘတ်ဂျက်ဝန်ကြီးဌာနသည် မြင့်တက်လာသော ရေနံဈေးနှုန်းများ၏ဒဏ်ကို တုန့်ပြန်ရန် အတွက် ဝင်ငွေနည်းပါးသူများ၊ လူငယ်များနှင့် ကုမ္ပဏီများကို ကူညီထောက်ပံ့ပေးရန် ဝမ် ၂၆ ဒသမ ၂ ထရီလျံ (ဒေါ်လာ ၁၇ ဒသမ ၃ ဘီလျံခန့်) ရှိသော အစိုးရ၏ ထပ်တိုးဘတ်ဂျက် တစ်ရပ်ကို မတ်လကုန်ပိုင်းတွင် တင်ပြခဲ့ သည်။

ဂတ်စ်အိုးများကို တွေ့ရစဉ် 

ထိုဘတ်ဂျက်သည် သမ္မတ လီဂျေမြောင် (Lee Jae Myung) အစိုးရလက်ထက် တစ်နှစ်မပြည့်မီ ကာလအတွင်း ဒုတိယအကြိမ်မြောက် တင်ပြသည့် ထပ်တိုးဘတ်ဂျက်ဖြစ်ပြီး ထိုဘတ်ဂျက်ကို ဧပြီလ ၁၀ ရက်တွင် လွှတ်တော်က အတည်ပြု ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။

အင်ဒိုနီးရှားအစိုးရသည် စွမ်းအင် ထောက်ပံ့ကြေးများပေးရန်၊ စက်သုံးဆီနှင့် လျှပ်စစ်ခများကို ပြည်သူများ သက်သာသော နှုန်းထားဖြင့် ရရှိနိုင်ရန် ဆောင်ရွက်ပေးနေရသည့် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Pertamina နှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်း PLN တို့အား နစ်နာကြေးပေးရန်အတွက် ရူပီးယား ၃၈၁ ဒသမ ၃ ထရီလျံ (ဒေါ်လာ ၂၂ ဒသမ ၄ ဘီလျံ) ကို ဘတ်ဂျက်လျာထား သတ်မှတ်ခဲ့သည်။

ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးဌာနကလည်း လောင်စာဆီ ဖူလုံရေးကို မြှင့်တင်ရန်အတွက် ပီဆို ၂၀ ဘီလျံ (ဒေါ်လာ ၃၂၉ ဒသမ ၇၅ သန်း) ရှိသော အရေးပေါ် ရန်ပုံငွေကို စတင် အသုံးပြုနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်သုံးဆီ ထည့်ရန် တန်းစီစောင့်နေကြသူများကို တွေ့ရစဉ်

ထိုအစီအစဉ်အရ အစိုးရသည် ပြည်တွင်း လိုအပ်ချက်ကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရေနံစည်ပေါင်း ၂ သန်းအထိ ဝယ်ယူရန် စီစဉ်ထားပြီး စက်သုံးဆီ ထုတ်ကုန်များနှင့် ရေနံဓာတ်ငွေ့ရည် (LPG) များကိုလည်း ဝယ်ယူသွားရန် ရှိသည်။

ထို့ပြင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် အခြားအာရှနိုင်ငံများကလည်း ၎င်းတို့၏ ကိုယ်ပိုင် အစီအမံများဖြင့် ထောက်ပံ့ကြေးများ အသုံးပြုမည့် အစီအစဉ်များကို အကောင်အထည်ဖော်နေကြသည်။ 

အိန္ဒိယနိုင်ငံသည် ဓာတ်ဆီနှင့် ဒီဇယ်ဆီများအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်များကို လျှော့ချပေးခဲ့ပြီး ထိုကဲ့သို့ အခွန်လျှော့ချမှုကြောင့် သီတင်းနှစ်ပတ်လျှင် ရူပီး ၇၀ ဘီလျံ (ဒေါ်လာ ၇၄၉ ဒသမ ၁၀ သန်း) ခန့် ဆုံးရှုံး မည် ဖြစ်သည်။

Source: Nikkei Asia